ကန်ပက်လက်မှာ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ စစ်ဘေးရှောင် (၃၈) ဦးကို ပြန်လည် ကယ်ထုတ်

Author ဆလိုင်း
Categories
Published on May 18, 2024

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ စစ်ဘေးရှောင် (၃၈) ဦးကို ပြန်လည် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ထံက သိရပါတယ်။

 

ကျင်ဒွေးမြို့သိမ်း တိုက်ပွဲတွင်း စခန်းစွန့်ခွာ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဟာ မေလ ၁၄ ရက်က ကန်ပက်လက်မြို့နယ်၊ အုံကျေးရွာမှ စစ်ဘေးရှောင် (၃၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

 

အဲဒီ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ဘေးရှောင်တွေကို မနေ့ မေလ ၁၇ ရက်နေ့က ပြန်လည်ကယ်ထုတ်နိုင်ပြီလို့ ချင်းလဲန်းကာကွယ်ရေးတပ် (ကန်ပက်လက်) တာရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော်တို့ မနေ့က စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်း တိုက်ခိုက်ရင်း အဖမ်းခံထားရတဲ့ စစ်ဘေးရှောင် အယောက် (၃၈) ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပါပြီ။”လို့ သူက ဆိုပါတယ်။

 

စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ဘေးရှောင်တွေထဲမှာ အမျိုးသား (၁၁) ဦးနဲ့ အမျိုးသမီး (၂၇) ဦးပါဝင်နေပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေး (၂) ဦးလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးစဥ် ထွက်ပြေးသွားတဲ့ စစ်ဘေးရှောင် (၄) ဦးဟာ ဒီနေ့ထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံအမျိုးသား တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“စစ်ဘေးရှောင်တဲ့ လေးယောက်က စစ်သားတွေ ဖမ်းနေစဥ် အကြောက်လွန်ပြီး ထွက်ပြေးသွားကြတာ။ အခုထိ ရွာပြန်မရောက်သေးဘူး။ အဆက်သွယ်လည်း မရသေးဘူး။ ဘယ်မှာထွက်ပြေးပြီး ဘယ်လိုစားသောက်ကြလဲ မသိဘူး”လို့ သူက ဆိုပါ။

 

စစ်ကောင်စီ ဖမ်းဆီးစဥ် ထွက်ပြေးလွတ်မြောက်သွားတဲ့ အဲဒီ စစ်ဘေးရှောင် (၄) ဦးကို စစ်ကောင်စီကနေ ပစ်ခတ်တာမျိုးမရှိတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။

 

ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်း တိုက်ပွဲတွင်း စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတွေကို CDF(ကန်ပက်လက်)မှ လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိပြီး နေ့စဥ်ထိတွေ့ တိုက်ပွဲဖြစ်နေဆဲလို့ သိရပါတယ်။

 

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ချင်းညီနောင် ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိထားပါတယ်။

 

ဓာတ်ပုံ – CJ

ပုံစာ- ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်တွေကို တွေ့ရစဥ်