မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ ဧရာ၀တီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး ဒေသခံထောင်ချီရေဘေးသင့်နေ

Author CJ Platform
Categories
Published on Jul 01, 2024

ကချင်ပြည်၊ မြစ်ကြီးနားမြို့မှာ ဧရာ၀တီမြစ်ရေဟာ ဇွန် ၂၉ရက်ကနေ စတင်မြင့်တက်လာခဲ့ပြီး ဒီနေ့ ဇူလိုင် ၁ရက်မှာတော့ မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေပြီလို့ မိုးလေဝသနဲ့ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

မြစ်ကြီးနားမြို့ရဲ့  စိုးရိမ်ရေမှတ်ဟာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး  စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ဇူလိုင် ၁ရက် မနက် ၆နာရီခွဲတိုင်းတွာချက်အရ ဧရာ၀တီမြစ်ရေဟာ ၁၃၁၇စင်တီမီတာ အထိ ရောက်ရှိကာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီလို့ သိရပါတယ်။

ဇွန် ၂၉ရက် ဧရာ၀တီမြစ်ရေမြင့်တက်မှု အခြေအနေဟာ ၁နာရီအတွင်း နှစ်လက်မခန့် မြင့်တက်နေသ လို ဇွန် ၃၀ရက် ည ၁၀ နာရီတိုင်းထွာချက်အရ ၁၃၀၀ စင်တီမီတာရောက်‌နေပြီလို့ ပြည်နယ်မိုးလေဝ သနဲ့‌ဇလဗေဒဦးစီးအရာရှိ ဦးနိုင်လင်းထွေး က သူ့ရဲ့လူမူကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီလို မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ် ကွက်တွေအပြင် ဝိုင်းမော်မြို့နဲ့ ကချင်ပြည် အထက်ပိုင်း ချီဖွေမြို့က စစ်ဘေးရှောင်စခန်း နေအိမ် တချို့ပါ ရေဝင်နစ်မြုပ်နေတဲ့အတွက် ပိတ်မိနေသူ ဒေသခံထောင်နဲ့ချီရှိနေသလို ကူညီကယ်ဆယ်ရေး တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

“တချို့ပိတ်မိနေတဲ့လူတွေလည်း အများကြီးရှိတယ်။ စစ်ဘေးရှောင်နေရပါတယ်ဆို ရေကပါထပ် ကြီးသေးတယ်။ လူမှုကူညီရေးအသင်းဖုန်းနံပါတ်တွေကလည်း တချို့ဆက်မရဘူး။ ကူညီကယ် ဆယ်ရေးလုပ်ဖို့ အများကြီးလိုနေတယ် ”လို့ ဝိုင်းမော်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးရွာသွန်းမှုနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်မှာ မိုးရွာဖို့ ရာခိုင်နှုန်းအပြည့်ရှိပြီး နေရာကွက်ပြီးလည်း မိုးကြီးနိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဧရာ၀တီမြစ်ရေ ၁၂၂၉ စင်တီမီတာထိ မြင့်တက် ခဲ့ဖူးသလို ၂၀၀၄ခုနှစ်တုန်းကလည်း ဧရာ၀တီမြစ်ရေ ၁၄၀၇ စင်တီမီတာရောက်ရှိကာ စံချန်တင်မြင့်တက်ခဲ့ပြီး မနောကွင်းထဲက မနောတိုင်တောင် သုံးပုံတစ်ပုံပဲ ကျန်တဲ့အထိ မြစ်ရေဝင်ရောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

 

ကချင်ပြည်အထက်ပိုင်း ချီဖွေမြို့မှာ ပြီးခဲ့တဲ့ မေ ၂၉ ရက်ကလည်း မေခမြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံ မှုကြောင့် ရပ်ကွက်တွင်းနေအိမ်တွေနဲ့ စစ်ဘေးရှောင်နေအိမ်တွေ ရေဝင်နစ်မြုပ်ခဲ့ပြီး  အခု ဒုတိယအကြိမ် ရေဝင်နစ်မြုပ်မှုကြုံတွေ့ရတာ ဖြစ်ပါတယ်။

 

ချီဖွေက စစ်ဘေးရှောင်ပြည်သူတွေကတော့ အသင်းတော်ဘုရားကျောင်းအဆောင်တွေမှာ သွားရောက် ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။

 

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့က ရေဝင်နစ်မြုပ်တဲ့ဒေသခံတွေကတော့ ရေလွတ်တဲ့နေရာတွေမှာ အရေးပေါ် ယာယီရွှေ့ပြောင်း နေထိုင်နေကြရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်(CJ)