စစ်ကိုင်းမြို့ပေါ်မှာ အမိုးအကာမလုံလောက်လို့ မြို့ခံအချို့ နေထိုင်စရာ အခက်တွေ့နေ

Author CJ Platform
Categories
Published on Apr 17, 2025

စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကိုင်းမြို့ပေါ်က မြို့ခံအချို့ဟာ ယနေ့အချိန် လုံခြုံတဲ့ အမိုးအကာတွေကို အောက်ကို မရောက်ရှိသေးတဲ့ မိုးဆက်တိုက်ဆိုသလို ရွာသွန်းနေတာကြောင့် နေထိုင်စရာ အခက်တွေ့နေရတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်(ခ်)ချက်တာစကေး ၇ ဒသမ ၇ ရှိ အလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်မှာ စစ်ကိုင်းမြို့ဟာ အဆောက်အဦ ပျက်စီးတာတွေအပြင် လူထိခိုက် သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ မြို့လို့ ဆိုလို့ရပါတယ်။

 

ယခုရက်ပိုင်းအတွင်း စစ်ကိုင်းမြို့ပေါ်မှာ မိုးရွာသွန်းမှုတွေရှိနေပြီး အိုးအိမ်ပျက်စီးလို့ နေထိုင်စရာမရှိသူအချို့ဟာ အခက်တွေ့နေရတယ်လို့ စစ်ကိုင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လမ်းဘေးမှာ အမိုးအကာတဲထိုးပြီးနေထိုင်သူတွေဟာလည်း မိုးမလုံတဲ့အတွက် ဒုက္ခရောက်နေရတယ်လို့ ဆိုပါတယ်။

 

“အခုဟာက မိုးကာတဲထိုးတဲ့ဟာတွေကလဲ အဆက်ဆက်ရှိတဲ့သူတွေကဘဲ ထိုးနေနိုင်တာ။ အခုဟာက လူသိပ်မသိ၊ လူတွေနဲ့ သိပ်အဆက်ဆက်မရှိကြတဲ့သူတွေကြ ဒုက္ခရောက်ကြတာပေါ့။ မိုးကာတဲထိုးနေရတဲ့သူတွေဆို မိုးရွာရင် တအားသနားစရာကောင်းတာ။ မိုးကမလုံ ‌မိုးတွေကပတ်နဲ့ ဒုက္ခရောက်ကြရှာတယ်”လို့ စစ်ကိုင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ငလျင်ကြောင့် နေအိမ်တွေပျက်စီးသွားခဲ့ရတဲ့ စစ်ကိုင်းမြို့ခံတွေဟာ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေနဲ့ ငလျင် ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်နေထိုင်တာတွေရှိပေမယ့်၊ အများစုကတော့ သူတို့ရဲ့ နေအိမ်ရှေ့မှာပဲ အမိုးအကာကာပြီး နေထိုင်ကြတာများတယ်လို့လည်း စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

 

“အိမ်ရှေ့မှာပဲ မိုးကာကာပြီး နေကြတာများတယ်။ မိုးတွေလေတွေလည်းများတော့လေ။ မနေ့ညကလည်း တော်တော်လေး လေတိုက်တယ်။ စဖြစ်ကတည်းက ထက်စာရင်တော့ တော်တော်အဆင်ပြေသွားပြီ”လို့ အခြား စစ်ကိုင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

တဲထိုးပြီးနေထိုင်ဖို့အတွက် အမိုးအကာ မရှိသူတွေကတော့ သူတို့ရဲ့ မိတ်ဆွေတွေနဲ့ အတူတူနေထိုင်နေကြပြီး၊ သက်ဆိုင်ရာ ရပ်ကွက်ရုံးနဲ့ ကြက်ခြေနီအသင်းအဖွဲ့တွေဘက်ကလည်း လာရောက်လှူဒါန်းထားတဲ့ အမိုးအကာတွေကို ပြန်လည်မျှဝေပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

 

လက်ရှိမှာတော့ စစ်ကိုင်းမြို့ပေါ်မှာ ကယ်ဆယ်ရေးလုပ်နေသူတွေ အရင်ကလောက်မများတော့သလို၊ အလှူရှင်တွေလည်း သိပ်မလာတော့တဲ့အတွက် ရှိတာလေးနဲ့ ကိုယ်တိုင် ချက်ပြုတ်စားကြရတယ်လို့လည်း စစ်ကိုင်းမြို့ခံတွေက ဆိုပါတယ်။

 

စစ်ကိုင်း မြို့ပေါ်မှာ ဘတ်ဟိုး(Backhoe)ကားတွေနဲ့ ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ အိမ်တွေကို ဖြိုချဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ဖို့ အဓိကဦးတည်လုပ်ဆောင်နေတယ်ကို မြင်မိတဲ့အကြောင်းကိုလည်း စစ်ကိုင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောဆိုထားပါသေးတယ်။

 

စစ်ကောင်စီရဲ့ ဧပြီ ၁၆ရက်နေ့အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့မှုဖြစ်စဉ်မှာ သေဆုံးသူ ၃၆၆၇ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၈၂၅ဦးနဲ့ ပျောက်ဆုံးနေသူ ၁၂၉ဦးရှိတယ်လို့ ဒီကနေ့ထုတ် သူတို့ရဲ့ဝါဒဖြန့် သတင်းစာဖြစ်တဲ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဒီကနေ့ ဧပြီ ၁၇ရက် နေ့လယ် ၁နာရီ ၂မိနစ်အချိန်ခန့်မှာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ရဲ့  တောင် – အနောက်တောင်ဘက် (၂) မိုင်ခန့်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)ချက်တာစကေး ၄ ဒသမ ၆ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး၊ အဲဒီ ငလျင်ကို စစ်ကိုင်းမြို့ဘက်က မြို့ခံတွေပါ သိသာစွာခံစားခဲ့ရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – မင်းထက်

 

ပုံစာ – စစ်ကိုင်းမြို့ရှိ ငလျင်ဒဏ်သင့် ပြည်သူအချို့ကို မြင်ရပုံ