ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲအောင်မြင်ဖို့ ပြည်သူတွေပူးပေါင်းပေးပါလို့ စစ်ခေါင်းဆောင်က နှစ်သစ်ကူးမှာ ပြောပြန်

Author CJ Platform
Categories
Published on Apr 17, 2025

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲအောင်မြင်ဖို့ ပြည်သူတွေ ပူးပေါင်းပေးပါလို့ ဒီကနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းထဲ ပြောဆိုခဲ့ပါတယ်။

 

စစ်ကောင်စီအနေနဲ့ တည်ငြိမ်အေးချမ်းမှုလိုအပ်နေလို့ ငြိမ်းချမ်းရေးရရှိအောင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဖို့ဖိတ်ခေါ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

 

“ ပြည်သူလူထုလိုလားတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ပေး နိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလအတွင်းမှာ လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ် လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ပြီးမြောက်နိုင်ဖို့အတွက် မိဘ ပြည်သူများအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ် “ လို့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးထွက်ပေါက်ရှာနေတဲ့ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။

 

ဒါ့အပြင် နိုင်ငံတော်နဲ့ နိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်ပေးနိုင်ဖို့ အစဉ်သဖြင့် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း နိုင်ငံအနှံ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသူက ဆက်ပြောပါတယ်။

 

နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့တဲ့ ဘေးဒုက္ခတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကနေ အားနည်းချက်တွေကို သင်ခန်းစာယူ ဖော်ထုတ်ပြီး နှစ်သစ်မှာ အတွေးသစ်၊ အမြင်သစ်နဲ့ ဆက်လက်လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီဖော်ဆောင်မှုမှာ နိုင်ငံသူနိုင်ငံသားများအားလုံး ပူးပေါင်းကြပါလို့ ရက် ၂၀ အကြာ အပစ်ရပ်တယ်ပြောပြီး ဗုံးပတ်ကြဲနေတဲ့ စစ်ကောင်စီခေါင်းဆောင်က မိန့်ခွန်းထဲထည့်ပြော သွားပါတယ်။

 

ငလျင်ဘေးဒဏ်သင့်ဒေသတွေအတွက် အိုးအိမ်နဲ့လမ်းပန်းဆက်သွယ်ရေးတွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းနဲ့ အစိုးရရုံးဌာနတွေ ပြန်လည်တည်ဆောက်ရေးတွေဆောင်ရွက်မယ်ဆိုတဲ့အပြင် လာမယ့် ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ကလေး အားလုံး မပျက်မကွက် ပညာသင်ကြားဖို့ကိုလည်း သူကပြောခဲ့ပါတယ်။

 

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုလိုအပ်နေပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိစေဖို့ တိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စုစိတ်ထားကာ ပူးပေါင်းပါဝင်ဖို့ယုံကြည်တယ်လို့လည်း နိုင်ငံတဝန်းထိုးစစ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း လက်နက်ကြီးတွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေသူက သူရဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

စစ်ကောင်စီအနေနဲ့ ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံရေးအမှုတွေနဲ့ မုဒိမ်းမှု၊လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးထားသူတွေကလွဲပြီး ပြစ်ဒဏ်ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပါသေးတယ်။

 

ဒါ့အပြင် စစ်ကောင်စီအဖွဲ့ဝင် ၆ ဦးအပါအဝင် ၁၃ ဦးကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ စည်သူဘွဲ့ ပေးခဲ့သလို သီရိပျံချီဘွဲ့ ၉ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၂ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၄ ဦးအပြင် အနုပညာရှင် ၄ ဦးကိုလည်း အလင်္ကာကျော်စွာဘွဲ့တွေကို စစ်ခေါင်းဆောင်က ပေးအပ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – Pro-SAC