ရေဦးမြို့ပေါ်က ဒေသခံအမျိုးသား ၂၀ ကျော်ကို စစ်မှုထမ်းစေရန် ဖမ်းဆီးခံရ

Author မင်းထက်
Categories
Published on May 01, 2024

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ ရပ်ကွက် (၅)ခုမှ  အမျိုးသား ၂၀ ဦးကျော်ကို စစ်မှုထမ်းစေရန်ဟုဆိုကာ ဧပြီလ ၂၉ ရက်နေ့ ည ၉နာရီခန့်တွင်  စစ်ကောင်စီတပ်က နေအိမ်များအထိ လိုက်လံဖမ်းဆီးသွားကြောင်း ဒေသခံများက CJ Platform သို့ပြောသည်။

 

ရေဦးမြို့ ရွှေပြည်သာရပ်ကွက် အောင်ချမ်းသာရပ်ကွက်   အောင်မဂ်လာရပ်ကွက်   ဗိုလ်အောင်ဇေယျရပ်ကွက်   အောင်ဆန်းရပ်ကွက်များမှ စစ်မှုထမ်းရန် စာရင်းကောက်ယူခံထားရသည့် ပြည်သူ ၂၀ဦးကျော်ကို နေအိမ်များအတွင်းထိ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရေဦးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအတွင်းသို့ ခေါ်ဆောင်သွားကြောင်း ရေဦးမြို့နယ် အခြေပြု People’s Defence Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က ယမန်နေ့ ဧပြီလ ၃၀  ရက်နေ့ ညပိုင်းက CJ Platform သို့ ပြောသည်။

 

၂၀ကျော်ဖမ်းဆီးခံလိုက်ရတယ်၊၂၀ကျော်ထဲကမှ အမျိုးသားလူငယ်လေးတွေပါသလို အိမ်ထောင်သည် အမျိုးသားတွေရော ဖမ်းခေါ်သွားတယ် စစ်မှုထမ်းဖို့ စာရင်းမှာပါထားတဲ့ သွေးစစ်ပြီးသားပြည်သူတွေကို ညတိုင်းလိုလိုပဲ ရေဦးမြို့ပေါ်မှာ နေအိမ်တံခါးတွေ ဖျက်ဆီးပီး ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်ဟုကိုထူးခန့်ဇော် (အမေ့သား) က ပြောသည်။

 

ဖမ်းဆီးခံရသူများကို မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မပေးကြောင်း ယမန်နေ့ ( ဧပြီ ၃၀ ) ညမှာလည်း ရွှေပြည်သာရပ်ကွက်ရှိ  ကားနှစ်စီးနှင့် ဝင်ရောက်နေခဲ့ကာ လူငယ်များကို လိုက်လံဖမ်းဆီးလျက်ရှိနေကြောင်း မည်မျှ ဖမ်းဆီးခံရမည်ကို အတည်ပြုရန် လိုအပ်သေးကြောင်း ပြောဆိုသည်။­­

 

ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပြီးနောက်ပိုင်း  ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန် ဖမ်းဆီးခံရသူ လူငယ်များမှာ ၅၀ဦးခန့် ရှိသွားပြီဖြစ်ကြောင်း သိရသည်။  

 

ရေဦးမြို့နယ်ရှိ ကျေးရွာများဘက်တွင် စစ်ကြောင်းထိုးနေခြင်းမရှိသော်လည်း ကျေးရွာနေပြည်သူလူထုသာ ကာကွယ်ရေးအဖွဲ့များ၏ စိုးမိုးမှုအောက်တွင် ရှိနေသောကြောင့် လုံခြုံနေပြီး ရေဦးမြို့ပေါ်နေပြည်သူများအတွက်  မလုံခြုံသော အခြေနေများ ရင်ဆိုင်ရနေရကြောင်း သိရသည်။

 

စစ်မှုထမ်းဥပဒေအရ အပတ်စဉ် () စစ်သင်တန်းအတွက် ယခင်လ ဧပြီလဆန်းပိုင်းကတည်းကပင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်များတွင် လူငယ်များကို စာရင်းစကောက်ကြောင်း လူငယ်များကို ညပိုင်းဖမ်းဆီးခြင်းများ ရှိနေကြောင်း ၎င်းဒေသတွင်း ဒေသခံများထံက သိရသည်။

 

ထို့အပြင် စစ်ကောင်စီတပ်သည်  လူငယ်များကို စာရင်းကောက်ယူနေတဲ့အပြင်  စစ်မှုထမ်းဖို့ ရှောင်လွှဲသူများကို ငွေကြေးတောင်းခံခြင်းများပါ  လုပ်နေကြောင်းသိရသည်။

 

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် လူတိုင်း စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် မတ် ၂၉ ရက်မှ စတင်ကာ သင်တန်းကျောင်း ၁၅ ကျောင်းတွင်  ပထမအကြိမ် စစ်မှုထမ်းသင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။

 

ဓာတ်ပုံ- pro-SCA

 

ပုံစာညွှန်း  – တကန (ဟိုပုံး)ရှိ  စစ်မှုထမ်း သင်တန်းဖွင့်လှစ်သော အခမ်းအနား