စစ်ကိုင်းမြို့မှာ စစ်ကောင်စီတပ်သားတွေက လူငယ် ၂၀ ကျော်ကိုဖမ်းဆီး
![](https://cjplatform.com/wp-content/uploads/2025/02/၁၅၂၂-800x480.jpg)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဒီကနေ့ ဖေဖော်၀ါရီ ၁၅ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လူငယ် ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ခဲ့ရသူ ဒေသခံနှစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်ကိုင်းမြို့၊ ရှင်ဖြူရှင်လှ မြွေဘုရားရှေ့မှာ စစ်ကောင်စီတပ်သား ၊ ပျူတွေနဲ့ ဌာနပေါင်းစုံပါဝင်တဲ့ အဖွဲ့ဟာ မနက် ၇ နာရီ ခွဲခန့်မှာ လမ်းသွားလမ်းလာ လူငယ်တွေကို စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အသက် ၃၀ ခန့်အမျိုးသားတစ်ဦးကပြောပါတယ်။
” သူတို့တွေထဲ စစ်သားတွေရဲတွေ ပျူတွေပါတယ်။လက်နက်တွေအပြည့်ပါလာတယ်။ဖမ်းတာက အလုပ်သွားချိန်လည်းဖြစ်နေတော့ လူစည်ချိန်ပေါ့ ဟိုဘက် မင်းခွန်းဘက်တို့ ၊၀ါးချက်တို့ဘက်က လာရင်လည်းမရှောင်သာတဲ့နေရာလည်းဖြစ်တယ် ။ လူငယ်တွေဖမ်းပြီ ကားပေါ်တင်ဖမ်းဆီးသွားတာ။ စစ်မှုထမ်းခိုင်းဖို့နဲ့ မတော်မတရားတောင်းပြီး ငွေရှာတာတွေလည်း ဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ် ၂၀ ဦးထက်မနည်း ဖမ်းဆီး ခေါ်သွားတာဖြစ်တယ်လို့ အခြားဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“လူငယ်တွေ တော်တော်များတယ် နှစ်ဆယ်လောက်ကို မကဘူး၊ ကားတွေပေါ် ဆွဲတင်သွားတာ မြင်လိုက်တယ်။ ဘယ်ခေါ်သွားတာကိုတော့ မသိရသေးဘူး၊ ကျွန်တော်တို့လည်း အလုပ်သွားချိန် သူတို့မြင်တော့ အနီးအနားတိမ်းရှောင်ရင်း မြင်ခဲ့လိုက်တာ” လို့ အသက် ၂၅ နှစ်ခန့် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ လမ်းသွားလမ်းလာ လူငယ်တွေကို စစ်ဆေးဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတဲ့ ဖြစ်ရပ်တွေလည်း ကြုံနေရသလို နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ယခု ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လိုအပ်တဲ့ စစ်မှုထမ်းတပ်သား အရေအတွက် ပြည့်မီစေဖို့ လူငယ်တွေကို နည်းလမ်းစုံနဲ့ ဖမ်းဆီးမှုတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီး စစ်သင်တန်းတက်ရောက်နေသူများကို မြင်ရပုံ (ပုံဟောင်း)