မတူပီ မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲပြီး သုံးရက်အတွင်း စစ်ကောင်စီ အဓိကတပ်စခန်းနှစ်ခုကို ချင်းညီနောင်သိမ်းပိုက်

Author ဆလိုင်း
Categories
Published on Jun 14, 2024

ချင်းပြည်၊ မတူပီ မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲပြီး သုံးရက်အတွင်း စစ်ကောင်စီရဲ့ အဓိကစခန်းတွေဖြစ်တဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဆီကနေ သိရပါတယ်။

 

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေး(Operation CB)ဖြင့် ဇွန်လ ၉ ရက်နေ့မှစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့မှာ အဲဒီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ကျွန်တော်တို့ မြို့တွင်းက ရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲတဲ့ ထွေအုပ်ရုံးတို့ကို သိမ်းပြီးလို့ ရထားပါပြီ။ နောက်ထပ် မြို့တောင်ဘက်နဲ့ မြောက်ဘက်က စစ်ကောင်စီ တပ်ရင်း၊ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်” လို့ သူက ဆိုပါတယ်။

 

မတူပီမြို့ရှိ တပ်ရင်း၊ တပ်စခန်းအားလုံး သိမ်းပိုက်ရရှိရေးအတွက် ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ ခလရ (၁၄၀)တပ်ရင်း၊ ခမရ (၂၀၄) တပ်ရင်းနဲ့ ဗျူဟာကုန်းတို့ကို ချင်းညီနောင်အဖွဲ့ဝင်တွေက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီကလည်း မတူပီမြို့နဲ့ ၎င်းတို့တပ်စခန်း မကျစေရေးအတွက် မြို့သိမ်းစစ်ဆင်ရေးစတင်တဲ့ ဇွန် ၉ ရက်မှာပဲ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အပြင် တပ်အင်အားလည်း ဖြည့်တင်းနေတယ်လို့ ပြန်ကြားရေးအဖွဲ့ဝင်က ပြောပါတယ်။

 

“စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တယ်။ တိုက်ပွဲတွင်း လေကြောင်းကနေလည်း အဆက်မပြတ် ပစ်ကူပေးနေပါတယ်။ တိုက်ပွဲဧရိယာမဟုတ်တဲ့ မြို့နီးနား ပတ်ဝန်းကျင်ကိုလည်း လေကြောင်းတိုက်ခိုက်လို့ အရပ်သားနေအိမ် ပျက်စီးမှုတွေ ရှိတယ်” လို့ သူက ဆိုပါတယ်။

 

မတူပီမြို့သိမ်း တိုက်ပွဲကို ချင်းညီနောင်အဖွဲ့အပြင် Yaw Army(YA) နဲ့ အခြား မဟာမိတ်အဖွဲ့လည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ မနေ့ ဇွန်လ ၁၃ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

 

ဓာတ်ပုံ – CDF-Matupi

 

ပုံစာ – ချင်းညီနောင်အဖွဲ့ဝင် CDF-Matupi ရဲဘော်များ