စစ်ကောင်စီက ရှမ်းမြောက်ဒေသမှာ စစ်ရေးပြင်ဆင်မှုတွေ ထပ်တိုးလုပ်လာ

Author လဂွန်းအိမ်
Categories
Published on Jun 14, 2024

စစ်ကောင်စီဟာ တရုတ်ရဲ့ ဟိုင်ဂင်သဘောတူညီချက်ကိုဖောက်ဖျက်ပြီး ရှမ်းမြောက် တအောင်းဒေသမှာ စစ်ရေးပြင်ဆင်မှုတွေ ထပ်တိုးလုပ်ဆောင်လာနေတယ်လို့ ပလောင်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

စစ်ကောင်စီဟာ တအောင်းတပ် TNLA ထိန်းချုပ်နေရာတွေကို လက်နက်ကြီးအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်မှုတွေလုပ်ဆောင်လာတဲ့အပြင် လမ်းပိုင်းဖြတ်တောက်မှုတွေအထိ ထပ်မံလုပ်ဆောင်လာခဲ့တယ်လို့ TNLA ဘက်က ပြောဆိုပါတယ်။

 

ဇွန်လ ၁၂ ရက်နေ့က သီပေါမြို့နယ်၊ မိုးတေရွာရှိ သီပေါ-နမ္မတူလမ်းကို ယာဉ်သွားလာမှု ဟန့်တားနိုင်ရန် စစ်ကောင်စီက မြောင်းဖောက်ဖျက်ဆီးခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့မှာလည်း လာရှိုးမြို့အဝင် သုံးနေရာကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ TNLA က ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ပြောဆိုလာပါတယ်။

 

ဒါဟာ နမ့်ဆန်မြို့နဲ့ နမ္မတူမြို့တို့ဆီ ကုန်စည်စီးဆင်းမှုနဲ့ သွားလာရေး အဆင်မပြေအောင် ရည်ရွယ်ချက် ဖျက်ဆီးတာလို့ TNLA က ဆိုထားပါတယ်။

 

စစ်ကောင်စီက လမ်းတွေကို မြေတူးစက်တွေနဲ့ ကန့်လန့်ဖြတ်အနေအထား မြောင်းဖောက်ဖျက်စီးခဲ့တာကြောင့် အဲဒီကဒေသခံတွေ သွာရေးလာရေးခက်ခဲနေပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး ရပ်တန့်ခဲ့ရတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဖျက်ဆီးခဲ့တဲ့ လမ်းတွေဟာ သီပေါမြို့နယ် မိုးတေရွာရှိ သီပေါ-နမ္မတူ လမ်းအပြင် လားရှိုးမှ မိုင်းယော်ကိုသွားတဲ့ ကောင်းဟုန်းရွာ၊ နမ့်ဖရွာနဲ့ မန်နားရွာအနီးရှိ လမ်းတွေကို ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါ့အပြင် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို ဇွန်လ ၁၂ ရက် ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ သတင်းနဲ့ ပြန်ကြားရေးဘက်က တုံ့ပြန်ပြောဆိုလာတာမျိုး မရှိသေးပါဘူး။

 

စစ်ကောင်စီဟာ ဇွန်လ ၁ ရက်မှ ၁၃ ရက်နေ့အထိ TNLA ထိန်းချုပ်နယ်မြေတွေထဲ လက်နက်ကြီးနဲ့ ၁၇ ကြိမ်အထိပစ်ခတ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်ခံရတဲ့ ဒေသခံတချို့ဘေးလွတ်ရာသို့ တိမ်းရှောင်နေရတယ်လို့ TNLA က ဆိုပါတယ်။

 

TNLA ဘက်ကလည်း လားရှိုးမြို့ တဝိုက်ကို အင်အားအများအပြားနဲ့ ဝိုင်းဝန်းပိတ်ဆို့ထားလို့ စစ်ရေးတင်းမာနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ မြို့တွေအပါအဝင် တပ်စခန်းကြီး/ငယ်အများအပြားကို မြောက်ပိုင်း ညီနောင်သုံးဖွဲ့ထံ စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရပါတယ်။

 

ဒါကြောင့် စစ်ရှုံးခဲ့တဲ့ စစ်ကောင်စီဟာ ရှမ်းမြောက်က နောက်ထပ်မြို့တွေ ထပ်မဆုံးရှုံးရရေး တရုတ်အကူအညီနဲ့ သုံးကြိမ်အထိ တရုတ်နိုင်ငံထဲမှာ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်ဆုံးအကြိမ် ဇွန်နဝါရီ ၁၁ ရက်မှာ ဟိုင်ဂင်သဘောတူညီချက်ရရှိပြီးနောက် ရှမ်းမြောက်မှာ အပစ်ရပ်ခဲ့ကြတာဖြစ်ပါတယ်။

 

ဒါပေမဲ့ ၅ လကျော်အကြာမှာ စစ်ကောင်စီရဲ့ ရန်စတိုက်ခိုက်မှုတွေကြောင့် မြောက်ပိုင်းအဖွဲ့ထဲက တအောင်းတပ် TNLA နဲ့ စစ်ရေးပြန်လည်တင်းမာလာခဲ့ကြတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA