ကောလင်းက စစ်ရှောင်တွေ ရေမလုံလောက်တဲ့အပြင် အရေပြားရောဂါတွေပါ ခံစားနေရ

Author CJ Platform
Categories
Published on Mar 14, 2025

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေ ရေမလုံလောက်မှုတွေခံစားနေရတဲ့ အပြင် ဖေဖော်ဝါရီလဆန်းပိုင်းက စလို့ အရေပြားရောဂါတွေပါ ခံစားနေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေ ဆီကနေ သိရပါတယ်။

 

အရေပြားရောဂါကို စစ်ဘေးရှောင်အများစုက ခံစားနေရပြီး ဆေးဝါးလုံလောက်မှုမရှိတာ ရေလုံလောက်အောင် မသုံးစွဲနိုင်တာ ကုန်စည်စီးဆင်းမှု အခက်အခဲတွေ ရှိနေတာကြောင့် အကူညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ကျောက်တွေ ဝက်သက်တွေ ပေါက်သလိုဖြစ်တာ။ အခုက ကလေးတွေတင်မကပဲ လူကြီးတွေမှာပါ ဖြစ်နေတာ။ တချို့ဆိုးတဲ့သူတွေကြတော့ မိတ်ပေါက်သလိုမျိုး နေရာတိုင်းမှာပေါက်တယ်” လို့ စစ်ရှောင်အရေး ကူညီနေသူ ကိုသဲကြီးက CJ Platform ကိုပြောပါတယ်။

 

လက်ရှိမှာ အရမ်းဆိုးဆိုးရွားရွားရှိမနေသေးပဲ ကြာလာရင်ပိုဆိုးလာနိုင်ဖို့ရှိတဲ့အပြင် ကိုယ်တိုင်ပါခံစားနေရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့တွေရဲ့ ရွေ့လျားဆေးကုသရေးအဖွဲ့( Mobile Clinic )တွေ၊ တိုက်နယ် အရပ်ဘက်ဆေးကုသရေးအဖွဲ့တွေရှိပေမဲ့ ရံပုံငွေများများစာစားမရှိတာကြောင့် အများကြီးမကူနိုင်ကြဘူး လို့လည်းသိရပါတယ်။

 

ကောလင်းမှာ စစ်ဘေးရှောင်စခန်းတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေရှိပေမဲ့ လိုအပ်ချက် များနေတာကြောင့် အခက်အခဲများစွာရှိနေပြီး ဆေးဝါးအကူအညီလည်း များစွာ လိုအပ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

“အဓိက လိုအပ်တာကတော့ ရေပေါ့၊ တော်တော်ကို လိုအပ်တယ်။ အရေပြားရောဂါအတွက်ဆို ခရင်မ်လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေးလိုမျိုးထောက်ပံ့နိုင်ရင်တော့ ကောင်းတာပေါ့” လို့ ပြည်သူမှပြည်သူသို့ စစ်ရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။

 

စစ်ရေးအရှိန်အတွက် ထောက်ပံ့မှုတွေ လိုအပ်သလို မြေပြင်မှာ ခက်ခဲနေကြတဲ့ စစ်ရှောင်ပြည်သူတွေအတွက်  အထောက်အပံ့တွေလည်း လိုအပ်နေတာဖြစ်လို့  ပြည်သူတွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ တတ်နိုင်သလောက် ပါဝင်ပေးဖို့ တိုက်တွန်းလိုတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

ပြည်သူအချင်းအချင်း ကူညီထောက်ပံ့လိုပါက ပြည်သူမှပြည်သူသို့ Facebook Page လူမှုကွန်ရက်စာမျက်နှာရဲ့ messenger ကနေ ဆက်သွယ်ထောက်ပံ့ပေးနိုင်ပြီး NUG PAY ၊ SDB အကောင့်တွေနဲ့ လှူဒါန်းနိုင်သလို Kpay၊ Wave  တို့နဲ့ ထောက်ပံ့မယ်ဆိုပါက Messenger ကနေသာ ဆက်သွယ်လို့ ရတယ်လို့ အဲဒီအဖွဲ့ ကဆိုပါတယ်။

 

ကောလင်းမြို့နယ်ရှိ စစ်ရှောင်တွေအနေနဲ့ စားဝတ်နေရေး ခက်ခဲနေတဲ့အပြင် သောက်သုံးရေ အထူးလိုအပ်နေပြီး ရေပြတ်လပ်ရာကနေ အရေပြားရောဂါတွေပါ စတင်ခံစားနေရတာကြောင့် ကူးဆက်ရောဂါဖြစ်လာမှာကို များစွာ စိုးရိမ်ပူပန်နေကြပါတယ်။

 

ဓာတ်ပုံ – ပြည်သူမှပြည်သူသို့အဖွဲ့