တရားသူကြီးတွေ AI သုံးတတ်ဖို့ လေ့လာကြရန် စစ်ကောင်စီ တရားသူကြီးချုပ်ပြော

Author CJ Platform
Categories
Published on Feb 14, 2025

စစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တွေနဲ့ ခရိုင်တရားသူကြီးတွေအနေနဲ့ AI နည်းပညာကို အသုံးပြုတတ်စေဖို့ လေ့လာကြပါလို့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေးက ပြောပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးချုပ်တွေနဲ့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးတို့ ဖေဖေါ်ဝါရီ ၁၃ရက်နေ့က ဗီဒီယိုကွန်ဖရင့်နဲ့ တွေ့ဆုံချိန်မှာ အခုလို ပြောကြားလိုက်တာလို့ ဒီကနေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

“တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရာတွင် AI နည်းပညာရပ်သည် ချန်လှပ်ထား၍မရသည်ကို သတိချပ်ကြရန်လိုကြောင်းနှင့် AI နည်းပညာကို လက်လှမ်းမီရန်၊ အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်လေ့လာထားကြရန်လိုကြောင်း”လို့ ဦးသာဌေးက ပြောခဲ့တယ်လို့ သူတို့ရဲ့ ဝါဒဖြန့်သတင်းစာမှာ ရေးသားထားပါတယ်။

 

ကမ္ဘာ့အနှံ့မှာ AI နည်းပညာကို လူတိုင်းနီးပါး အခမဲ့ လက်လှမ်းမီ သုံးစွဲနေချိန်မှာ စစ်ကောင်စီရဲ့ တရားသူကြီးချုပ်တွေကို AI သုံးဖို့ ညွှန်ကြားလာခဲ့တာဖြစ်ပါတယ်။

 

AI နည်းပညာကို အသုံးပြုပြီး တရားစီရင်ရေးကိစ္စရပ်တွေမှာ ဘယ်လို ထည့်သွင်းဆောင်ရွက်မယ်ဆိုတာတော့ ဖော်ပြထားတာ မရှိခဲ့ပါဘူး။

 

ဓာတ်ပုံ – pro-SAC