ထောင်ကျနေတဲ့ စစ်ကောင်စီဝန်ကြီးတွေနဲ့ တိုင်းမှူးတွေ မိုဘိုင်းဟောက်စ်တွေနဲ့ အကျဉ်းထောင်တွင်းမှာ အပန်းဖြေနေ

စစ်ကောင်စီက အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချလိုက်တဲ့ စစ်ကောင်စီအရာရှိတွေဟာ အကျဉ်းထောင်ရဲ့ အကျဉ်းစခန်းတွေမှာ မိုဘိုင်းဟောက်စ်(Mobile House)တွေနဲ့ နေထိုင်နေကြပြီး ထောင်ပိုင်ကပင် မလွန်ဆန်နိုင်ပဲ ကြောက်နေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
အဲဒီ မိုဘိုင်းဟောက်စ်တွေမှာ ကား၊ အဲယားကွန်း၊ မီးစက်နဲ့ နေထိုင်ကြရတာဖြစ်ပြီး တစ်ချို့ ရာထူးကြီးသူတွေဆိုပါက ခြံဝန်းနဲ့နေထိုင်ကြရကာ မိသားစုဝင်များပါ လာရောက်နေထိုင်ကြတာတယ်လို့ ဆိုပါတယ်။
“ရဲဘက်စခန်းတွေမှာတော့ မိုဘိုင်းအိမ်တွေက ဈေးနှုန်းအမျိုးမျိုးရှိတယ်၊ တစ်လုံးကို သိန်း ၂၅၀ ဆိုရင် နေလို့ရပြီ၊ တတ်နိုင်ရင် တတ်နိုင်သလိုပေါ့ “ လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။
အဲဒီလို မိုဘိုင်းဟောက်စ်ဆောက်လုပ်ပေးတဲ့ ကုမ္ပဏီတွေ သီးသန့်ရှိပြီး အမြန်လမ်း၊ ဖောင်ကြီး၊ မင်းကွန်း စတဲ့ နေရာတော်တော်များများက အကျဉ်းစခန်းတွေမှာဆောက်လုပ်နေထိုင်ကြတယ်လို့ သိရပါတယ်။
CJ Platform ရဲ့ စုံစမ်းချက်အရ အမြန်လမ်း ၁၃ မိုင်အကျဉ်းစခန်းမှာတော့ ၂၀၂၃ ခုနှစ်က ထောင်ချအရေးယူခံထားရတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး ရောက်ရှိနေတယ်လို့ သိရပြီး သူဟာ သီးသန့်ခြံဝန်းနဲ့ နေထိုင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒီအကြောင်းသိရှိထားသူတစ်ဦးပြောတာက “ မိန်းမတွေ ကလေးတွေနဲ့ပါ လာနေကြတယ်ထင်တယ်၊ ကားနဲ့ ဝင်လိုက်ထွက်လိုက်ပဲ၊ အရက်ဆို ဖာလိုက်ဝယ်ထားပြီး နေတာ၊ လွတ်လွတ်လပ်လပ်ပါပဲ ထောင်ကျနေမှန်းတောင် မသိရဘူး”လို့ သူကပြောပါတယ်။
ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ခွင့်ပြုချက်နဲ့ ကချင်ပြည် ကံပိုင်တည်မြို့မှာ ယမ်းသယ်လာတဲ့ ကားကို ဖမ်းမိရာကနေ အစစ်ဆေးခံရပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလလယ် မှာအမိန့်ချခံခဲ့ရတာပါ။
အဲဒီအချိန်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တယ်လို့ သတင်းတွေအရ သိရပြီး ၁၃ မိုင်အကျဉ်းစခန်းမှာတော့ သူ ရှိမနေဘူးလို့ ၁၃ မိုင်အကျဉ်းစခန်းနဲ့ နီးစပ်သူတစ်ဦးထံကနေ စုံစမ်းသိရှိရပါတယ်။
လက်ရှိ ၁၃ မိုင်အကျဉ်းစခန်းမှာ ပြည်ထဲရေးဒုဝန်ကြီး တစ်ဦးလည်း ရှိတယ်လို့ သိရတဲ့အပြင် စစ်ဖက်အရာရှိတွေဖြစ်တဲ့ A1၊ G1နဲ့ G3 တို့အပြင် အင်းစိန်စစ်ခုံရုံးခေါင်းဆောင်လည်းရှိတယ်လို့ သိရပေမဲ့ CJ Platform အနေနဲ့ အတည်ပြုလို့ မရခဲ့ပါဘူး။
ပုံစာ – ၁၃မိုင် အကျဉ်းစခန်းကို Google မြေပုံတွင် မြင်ရပုံ