ပလက်ဝမြို့နယ် တစ်ခုလုံးမှာ စာသင်ကျောင်းတွေဖွင့်လှစ်နိုင်ဖို့ စစ်ဘေးရှောင်စခန်းက ကျောင်းတွေမှာ သင်ကြားနေတဲ့ ဆရာ ဆရာမတွေကို ဖိတ်ခေါ်

အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နယ်အတွင်း စာသင်ကျောင်းတွေဖွင့်လှစ် သင်ကြားနိုင်ဖို့ စစ်ဘေးရှောင်စခန်းမှာ ပညာသင်ကြားပေးနေတဲ့ ဆရာ/ဆရာမတွေကို အခု မတ်အတွင်းကစတင်ကာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပညာရေးဦးဆောင်ကော်မတီကနေ ဖိတ်ခေါ်ကမ်းလှမ်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အာရက္ခအစိုးရ ပညာရေးဦးဆောင် ကော်မတီနာယကအဖွဲ့ဝင်တွေနဲ့ အကျိုးဆောင်ကော်မတီတို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ညှိနှိုင်းထားမှုအရ အခုနှစ် ဇွန်လကနေ စတင်ကာ G12 အထိပညာသင်ကြားသွားမှာဖြစ်လို့ သင်ကြားပေးမယ့် ဆရာ/ဆရာမတွေ လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ ဒါက သူတို့(AA)ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့အတွက်ပဲ လုပ်နေတာကြလေ။ အစကတည်းက သူတို့ရဲ့အုပ်ချုပ်ရေးအောက်မှာမနေချင်လို့၊ မကြိုက်လို့ ဒီဘက်ကိုရောက်လာခဲ့တာ။ ဆရာ/ဆရာမတွေ တောင်းတယ်ဆိုတာလည်း အေအေတွေက ညွှန်ကြားတာ” လို့ စစ်ဘေးရှောင်စခန်းတစ်ခုက စစ်ရှောင် အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
ပလက်ဝမြို့နယ်မှာ AA က ကျောင်းတွေဖွင့်လှစ်ဖို့ စတင်နေတာဖြစ်သလို တဖက်မှာလည်း ချင်းလဲန်းကောင်စီ လက်အောက်ခံ ပလက်ဝကောင်စီ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ကလည်၊ ကြားကာလ ပြည်သူ့အခြေပြုကျောင်း ဖွင့်ထားတာရှိတယ်လို့ သူကဆက်ပြောပါတယ်။
ခူမီးတွေနေထိုင်တဲ့ ဒေသမှာတော့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ခူမီးတိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားပို့ချနိုင်တဲ့ ကျောင်းဆရာ/မတွေကို အဓိကထားခေါ်ယူနေတာဖြစ်ပြီး မရှိပါက မြန်မာဘာသာစကားနဲ့ ပို့ချသင်ကြားနိုင်သူ၊ သိပ္ပံတွဲ သင်ကြားပို့ချပေးနိုင်မယ့်သူတွေကို ခေါ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုခေါ်ယူတာမှာ ဒေသခံအကျိုးဆောင် ကော်မတီအဖွဲ့ဝင်တွေကို AA ပညာရေးဦးဆောင် ကော်မတီ နာယက အဖွဲ့ဝင်တွေက အကြံပေးလမ်းညွှန်ထားတာကြောင့် ကျေးရွာ ပြည်သူ့ကျောင်းတာဝန်ရှိသူတွေဆီကို စာရေးပေးပို့ထားတယ်လို့ အဲဒီ့အကြောင်းသိရှိသူ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကြားကာလ ပြည်သူ့အခြေပြု ကျောင်းဖွင့်ထားတာ သူတို့သိတယ်လေ။ ဒါကိုဘာဖြစ်လို့ သူတို့ရဲ့ပညာရေးစနစ်မှာ သွားလုပ်ရမှာလဲ” လို့ စစ်ရှောင်စခန်းတစ်ခုမှာ ပညာသင်ကြားပေးနေတဲ့သူတစ်ဦးက ဆိုပါတယ်။
ဒေသခံအကျိုးဆောင် ကော်မတီအဖွဲ့က ပေးပို့တဲ့စာမှာတော့ စစ်ရှောင်စခန်းမှာ ပညာသင်ကြားပေးနေသူ အထက်တန်းပြ အနည်းဆုံး ငါးဦး စေလွှတ်ပေးဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုထားပြီး တစ်ဦးကို လစဉ်ထောက်ပံ့ကြေးငွေအဖြစ် လေးသိန်းကျပ်ကနေ ငါးသိန်းကျပ်အထိ ပေးဖို့ ညှိနှိုင်းထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ချင်းလဲန်းကောင်စီလက်အောက်ခံ ပလက်ဝကောင်စီ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ကြားကာလ ပြည်သူ့အခြေပြုကျောင်းတွေမှာ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွင်း ကြားကာလ ပြည်သူ့အခြေပြု ကျောင်းပေါင်း ၁၁၉ ကျောင်းဖွင့်လှစ်ကာ ကျောင်းသား ၄၀၂၂ ဦး နဲ့ ကျောင်းသူ ၄၁၂၆ ဦး၊ စုစုပေါင်း ၈၁၄၇ ဦး ရှိပြီး ဆရာ ၂၉၀ ဦးနဲ့ ဆရာမ ၂၅၇ ဦး စုစုပေါင်း ၅၄၇ ဦး ရှိကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – ဂျိမ်း(စ်)
ပုံစာ – စစ်ရှောင်စခန်းတစ်ခုရှိ မြေပြင်စာသင်ကျောင်းတစ်ခုကို မြင်ရပုံ