ဗဟန်းက စစ်‌ကောင်စီဘန်ကာကို ‌ဗုံးခွဲတိုက်ခိုက်၊ ရဲနှစ်ဦး ပြင်းထန်ဒဏ်ရာရလို့ဆို

Author ကိုထက်
Categories
Published on Jul 11, 2024

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ လင့်လမ်းနဲ့ ဓမ္မစေတီလမ်းထောင့်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဘန်ကာကင်းကို မနေ့(ဇူလိုင်လ ၁၀)ရက် မနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Force အဖွဲ့က ထုတ်ပြန်ပါတယ်။

 

မနေ့ မနက် ၈ နာရီ ၄၃ မိနစ်က ‌ဖောက်ခွဲတိုက်ခိုက်မှုမှာ ဗုံးထိတဲ့ အစောင့် ရဲနှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ God’s Hand Force အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

 

“မြို့ပြမှာ လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့အတိုင်း တိုက်ခိုက်ခဲ့တာပါ။ ရဲလောက်ပဲ အစောင့်ထားထားတော့ ရဲနှစ်ယောက်တော့ထိသွားတယ်။ ဒဏ်ရာအပြင်းအထန်ရနိုင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီလင့်လမ်းနဲ့ ဓမ္မစေတီလမ်းက ဘန်ကာမှာ စစ်သားတွေလည်း ရံဖန်ရံခါ ကင်းလာစောင့်လေ့ရှိပြီး အများအားဖြင့် ရဲတွေနဲ့သာ ‌ကင်းစောင့်ခိုင်းထားတာလို့ အနီးနားဝန်းကျင်က ပြည်သူတစ်ဦးက ပြောပါတယ်။

 

“အဲဒီလမ်းထောင့်က ရဲလောက်ပဲစောင့်တာများတယ်။ စစ်သားက တစ်ခါတလေ အရေးကြီးမှ လာတတ်တာ။ ဗုံးပေါက်တာလည်း ဟုတ်တယ်။ အသံအကျယ်ကြီးပဲ။ အထဲက ရဲတွေတော့ထိရင်ထိသွားမှာပေါ့။ သေချာတော့မသိဘူး” လို့ ဗဟန်းမြို့နယ်နေပြည်သူတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကလည်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁ တပ်မတော်စုဆောင်းရေးတပ်ကို Yangon Army အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရခဲ့ပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်က စစ်တပ်ပိုင် Red Ruby စီးကရက်စက်ရုံ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး စက်ရုံအတွင်း မီးလောင်ခဲ့ပါတယ်။

 

ဇွန်လ ၃ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်ထဲက စစ်တပ်ပိုင် MEC နို့ချက်စက်ရုံအား ဗုံးခွဲတိုက်ခိုက်မှုကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာရဲ့ Slayers of Tyrants တပ်ခွဲမှ လုပ်ဆောင်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ဗဟန်းမြို့နယ်ကို အပေါ်စီးမှ မြင်တွေ့ရစဉ်