ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်တာဟာ နိုင်ငံရေးပါတီ၊ နိုင်ငံရေးနဲ့တော်လှန်ရေးသမားတွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေတာကြောင့်လို့ TNLA ဆို

လက်ရှိအချိန်ထိ ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်တာဟာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေနဲ့ တော်လှန်ရေးသမားတွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲဖြစ်တဲ့ အခြေအနေကို ညွှန်ပြနေတာဖြစ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကရဲ့ (၇၈)နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်အာဏာရှင်အဆက်ဆက်၊ မြန်မာအစိုးရ အဆက်ဆက်နဲ့ နိုင်ငံရေးပါတီတွေဟာ မြန်မာပြည်ရှိ လူမျိုးတွေနဲ့ အဝန်းဝိုင်းကို နိုင်ငံရေး အခွင့်ရေးတွေ သာတူညီမျှစွာ၊ လွတ်လပ်စွာ ခံစားနိုင်စေဖို့ မပေးစွမ်းနိုင်ဘဲ တိုင်းပြည်ကို စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုကိုသာ ဖန်တီးတွန်းပို့ခဲ့ကြလို့ ကျရှုံးနိုင်ငံဖြစ်နေရတယ်လို့ သဝဏ်လွှာမှာ ထည့်သွင်းရေးထားချက်အရ သိရပါတယ်။
ပြည်ထောင်စုနိုင်ငံ အခြေမတည်နိုင်ဘဲ ပျက်စီးနေရတာ၊ နိုင်ငံတွင်းမှာရှိတဲ့ ဌာနေလူမျိုးတွေ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေတာရဲ့ အဓိက တရားခံဟာ မြန်မာစစ်ခေါင်းဆောင် စစ်အာဏာရှင်တွေကြောင့် ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
မြန်မာပြည်တွင်းမှာရှိတဲ့ နိုင်ငံသားတိုင်း၊ လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိုက်တန်စွာ ခံစားသင့်ပြီဖြစ်ကြောင်းနဲ့ လူနည်းစုလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသင့်ပြီဖြစ်ပြီး ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ နိုင်ငံရေးအနှစ်သာကို လက်ရှိ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ပြည့်ပြည့်ဝဝ ကြိုးပမ်းအကောင်ထည်ဖော်သင့်ပြီလို့လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA ရဲ့ သဝဏ်လွှာမှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။