ကျောက်တော်ကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ မြို့မဈေးအပါအဝင် လူနေရပ်ကွက်တွေထဲကျတဲ့အတွက် ထိခိုက်သေဆုံးသူများပြားလို့ဆို
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်က နောက်တစ်မြို့ဖြစ်တဲ့ ကျောက်တော်မြို့ကို ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက် မနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီလေတပ်ကြဲချသွားတဲ့ ဗုံးတွေဟာ ကျောက်တော်မြို့မစျေးကြီး၊ ရှမ်းရွာနဲ့ မြို့သစ်ရပ်ကွက်တို့မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အသက် ၂၇ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဗုံးသုံးလုံးချသွားပါတယ်။ နေရာ သုံးခုကိုပါ။ ထိခိုက်မှုတွေကိုတော့ မသိရသေးပါ။ အဆက်အသွယ်တွေ ပြတ်တောက်နေလို့ အသေးစိတ်တော့မသိရသေးပါ” လို့ သူက ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားလေးဦးထက်မနည်း သေဆုံးတယ်လို့ CJ Platform အနေနဲ့ ကနဦးသိရှိရပါတယ်။ ဒါ့အပြင် ဒီပမာဏထက် ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ကနဦးပြောစကားရအ သိရပါတယ်။ ထိခိုက်သေဆုံးသူ အရေအတွက် အတိအကျနဲ့ အခုသေဆုံးသူတွေ ဘယ်သူဘယ်ဝါလဲဆိုတာတော့ မသိရသေးပါဘူး။
ကျောက်တော်ဗုံးကြဲခံရမှုနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခဆီ CJ Platform က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
အလားတူ ဇန်နဝါရီလ ၈ ရက်နေ့မှာလည်း ရမ်းဗြဲမြို့က ကမန်လူမျိုးအများစုနေထိုင်တဲ့ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၂၆ ဦး သေဆုံးပြီး နောက်ထပ် ၂၇ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ယမန်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။ ကနဦးသတင်းတွေမှာတော့ သေဆုံးသူ ၄၀ ထက်မနည်းနဲ့ ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ AA ပြောခွင့်ရသူက ပြောထားပါတယ်။
အာရက္ခတပ်တော်(AA)က စစ်ကောင်စီကို စစ်ရေးနဲ့ဖြေရှင်းတာထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ပြောဆိုနေပေမဲ့ စစ်ကောင်စီဘက်က တကယ်တမ်း AA ထိန်းချုပ်မြို့တွေအပါအဝင် နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်ဆောင်နေပါတယ်။
ဓာတ်ပုံ- AA Info Desk
ပုံစာ- ရမ်းဗြဲမြို့၊ ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီလ ၈ ရက်နေ့မှာ စစ်ကောင်စီက ဗုံးကြဲပြီးနောက် တွေ့ရစဉ်(ပုံဟောင်း)