ကလေးက အရပ်သားနေထိုင်ရာနေများကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲ

Author မင်းထက်
Categories
Published on Jul 10, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေထဲ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ အဲဒီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။

 

ယမန်နေ့ ဇူလိုင် ၉ ရက် မနက် ၁၀ နာရီခန့်မှာ ကလေးမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်းဒင်ရွာကို ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။

 

“အကြောင်းမဲ့ ချတာပါ။ တိုက်ပွဲလည်း မရှိပါဘူး။ ဖြစ်စဉ်ကတော့ အင်းဒင်ရွာထဲ တစ်လုံးချသွားတယ်။ ပြည်သူတစ်ဦး ထိသွားပါတယ်။ အသက် ၇၅ နှစ်အရွယ်ပါ။ ကျန်အလုံးတွေကတော့ ရွာပြင်ချသွားတယ်။ ရွာပြင်ချတာတွေကတော့ ထိတဲ့သူမရှိပါဘူး” လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဗုံးစထိမှန်လို့ ခြေထောက်နဲ့ လက်တို့မှာ ဒဏ်ရာရခဲ့တဲ့ အဘွားအိုကို ကလေးမြို့နယ် ပကဖ ရဲဘော်တွေက ဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ခဲ့ပြီး ဆေးဝါးကုသမှုပေးနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

ကလေးမြို့နယ်က တင်သား၊ မြို့ကြီးကုန်း၊ အင်းဒင် စတဲ့ဒေသတွေကို စစ်တပ်ဘက်က အကြောင်းမဲ့ ဒရုန်းနဲ့ မကြာခဏဆိုသလို တိုက်ခိုက်နေပြီး ယခုအချိန်အထိ ပြည်သူ ငါးဦး ထိခိုက်မှုရှိခဲ့ကြောင်း သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်ကလည်း ကလေးမြို့နယ် တောင်ပိုင်းက ရွာတစ်ရွာကို စစ်တပ်ဘက်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ အပြစ်မဲ့ပြည်သူ သုံးဦးတို့ရဲ့ ခြေထောက်၊ ကျောပြင်၊ ဝမ်းဗိုက် နေရာများတွင် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့