ကရင်နီပြည်အတွင်း ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲ (၁၆)ခုထိ ဖွင့်လှစ်ထားနိုင်

Author CJ Platform
Categories
Published on Feb 10, 2025

ကရင်နီပြည်အတွင်း ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲ (၁၆)ခုထိ ဖွင့်လှစ်ထားနိုင်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်တွေကို ပြည်သူတွေဆီ အသိပေးလာတဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

 

ဒီးမော့ဆို(အရှေ့)၊ မယ်စဲ့၊ ဖယ်ခုံ၊ ဟူဘော၊ ကေးလျား၊ ဖွံဘော်ခွက်၊ ဆိုမို/ဖေစိုးလေး၊ ဟိုယာ၊ ဆိုတရှား၊ လွိုင်နန်းဖ၊ ဒီးဘောင်းခူ၊ နန်းမယ်ခုံ၊ ပေါ်ဝေါ၊ ဘောဟူဒဲ၊ လိုမူခိုနဲ့ ရွာသစ်ဒေသတွေမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ခဲ့တာပါ။

တရားဥပဒေစိုးမိုးရေးအတွက်လည်း ရဲစခန်း (၁၆)ခု၊ လုံခြုံရေးရဲကင်း (၁၆)ခု၊ မြို့နယ်ရဲဌာနရုံး (၅)ခုထိ ဖွင့်လှစ်နိုင်ခဲ့ကာ လူသတ်မှု (၄)မူ၊ မုဒိမ်းမှု (၁)မှု၊ ခိုးမှု (၁၁)မှု၊ မူးယစ်ဆေးဝါး (၇၂)မှု၊ အခြားအမှု (၂၂)နဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အမှုပေါင်း (၂၅)မှုကို အရေးယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအမှုတွေအနက် အမိန့်ချမှတ်ပြီးဖြစ်တဲ့ အမှုပေါင်းဟာ (၂၄)မှုနဲ့ တရားရုံးတင်စစ်ဆေးဆဲ အမှု (၅၉)မှု၊ ရဲတပ်ဖွဲ့ထံမှာ စစ်ဆေးဆဲဖြစ်တဲ့အမှုပေါင်း (၅၂)မှုရှိတယ်လို့ IECရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ထိန်းသိမ်းအပြစ်ပေးနိုင်ဖို့ အကျဉ်းထောင်နှစ်ခုကိုပါ တည်ဆောက်ထားနိုင်ခဲ့ပြီး အကျဉ်းသား ၂၃၀ဦးကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 

ကရင်ပြည်အတွင်းမှာ စစ်ကောင်စီဟာ မြို့ကြီးအချို့ကိုသာ ထိန်းချုပ်နိုင်ပြီး ဒေသအများစုကို ကရင်နီတော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။