ကြားကာလ ပြည်သူ့ပညာရေးကျောင်းတွေက ကျောင်းသူ၊ကျောင်းသားတွေရဲ့ အသံပြဇာတ်ပြိုင်ပွဲ ကျင်းပမယ်

စစ်အာဏာရှင်ကို အံတုကာ CDM လုပ်ဆောင်ပြီး ကြားကာလ ပြည်သူ့ပညာရေးကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ကျောင်းသားတွေရဲ့ အသံပြဇာတ်ပြိုင်ပွဲကို ကမ္ဘာ့ကလေးများနေ့နဲ့ လွတ်လပ်ရေးခေါင်းဆောင် သခင်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီ ၁၃ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ ပြည်သူ့ပညာရေးကျောင်းတွေဆီက သိရပါတယ်။
ကြားကာလ ပြည်သူ့ပညာရေးကျောင်းပေါင်း (၇၀)ကျော်က ကျောင်းသူ၊ကျောင်းသားအဖွဲ့ပေါင်း (၄၀)ကျော်ဟာ ပဋိပက္ခများကြား လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခြင်းနဲ့ မတူကွဲများခြင်းများအကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကို ဖော်ကျူးတဲ့ အသံပြဇာတ်တွေကို ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျင်းပမှာကတော့ အွန်လိုင်းကနေ ကျင်းပမှာပါ၊ အဓိက Online Federal School တွေက ကလေးတွေရဲ့ အရည်အသွေးတွေကို ဖော်ထုတ်ပြနိုင်ဖို့နဲ့၊ ပဋိပက္ခတွေကြားမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ မတူကွဲပြားခြားနားခြင်းအကြား ယှဉ်တွဲနေထိုင်တတ်စေဖို့ ရည်ရွယ်ပြီး ကျင်းပတာပါ”လို့ ပွဲကျင်းပရေး တာဝန်ရှိသူ ဆရာဟန်က ပြောပါတယ်။
ပြိုင်ပွဲကို ဖေဖေါ်ဝါရီ ၁၆ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြိုင်အတွင်း အကောင်းဆုံး အသံပြဇာတ်တွေကို ဖန်တီးနိုင်တဲ့ ကျောင်းသူ၊ကျောင်းသားတွေကို ကျင်းပရေးအဖွဲ့က ဆုချီးမြှင့်မှုတွေလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။