သတင်းထောက် ၂၀၀ ကျော်ကို ဖမ်းဆီးထောင်ချခဲ့ပြီး ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ မင်းအောင်လှိုင်က လူငယ်တွေ အတွေးခေါ်မှားယွင်းအောင် မီဒီယာတွေက လုပ်ဆောင်နေဟုဆို

လွတ်လပ်တဲ့ သတင်းထောက် (၂၀၀)ဦးကျော်ကို ဖမ်းဆီးထောင်ချခဲ့ပြီး (၇)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ရာတွင် အဓိကတာဝန်ရှိသူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်တွေ အတွေးအခေါ်အယူအဆမှားယွင်းပြီး စိတ်ဓာတ်ပျက်ပြားအောင် ကျင့်ဝတ်မဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မနေ့ ဖေဖေါ်ဝါရီ ၉ရက်နေ့ အကယ်ဒမီဆုပေးပွဲမှာ ပြောကြားလိုက်ပါတယ်။
“ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုပျက်ပြားစေပြီး လူငယ်လူရွယ်များကို အတွေးအခေါ်အယူအဆမှားယွင်းအောင်၊ စိတ်ဓာတ်များ ဆုတ်ယုတ်ပျက်ပြားလာအောင် လူမှုကွန်ရက်များနှင့် ကျင့်ဝတ်မဲ့မီဒီယာများကတစ်ဆင့် လုပ်ဆောင်နေမှုများပင်ဖြစ်ကြောင်း၊ ယင်းတို့သည် နိုင်ငံအကျိုးပျက်စီးစေမည့် ကြံဆောင်မှုများဖြစ်သဖြင့် လျော့နည်းပပျောက်အောင် ကာကွယ်စောင့်ရှောက်ကြရန်လိုအပ်ကြောင်း”လို့ မင်းအောင်လှိုင်က ပြောကြားလိုက်တာပါ။
ဒါ့အပြင် မင်းအောင်လှိုင်က “ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုသည့်အတိုင်း ရုပ်ရှင်အနုပညာရှင်များကလည်း နိုင်ငံနှင့်လူမျိုး ကောင်းရာကောင်းကျိုးဖော်ဆောင်နိုင်မည့် နိုင်ငံ့အကျိုးပြု အနုပညာဖန်တီးမှုများကို ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း”လို့ ဆက်လက်ပြောပါတယ်။
မင်းအောင်လှိုင်နဲ့ပူးပေါင်းနေတဲ့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့ တပည့်ဖြစ်သူ ဟာသသရုပ်ဆောင်မွန်လေးဟာ ဇန်နဝါရီလ နှောင်းပိုင်းမှာ လူမှုကွန်ရက်ပေါ်မှာ သူ့ကို ဝေဖန်မိတဲ့ ပရိသတ်တစ်ဦးကို ဒူးထောက်ခိုင်းပြီး ပါးရိုက်ကာ သူ့ခြေထောက်ကို ထိစေသည်အထိ ကန်တော့ခိုင်းတဲ့ ဗီဒီယိုမှတ်တမ်းကို တင်ခဲ့ပေမယ့် အရေးယူဆောင်ရွက်သူ မရှိခဲ့ပါဘူး။
အဲဒီဖြစ်စဉ်ကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ ပြည်သူတွေက ဝေဖန်ထောက်ပြခဲ့ပေမဲ့ စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အနုပညာရှင်ဆိုသူတွေကတော့ ဝေဖန်ထောက်ပြခဲ့တာ မရှိခဲ့ပါဘူး။