လက်ပန်လှရွာဗုံးကြဲခံရမှုကို PDF တွေ မိုင်းထုတ်လုပ်ရေးစခန်းပေါက်ကွဲတာကြောင့်ဆိုတဲ့ သတင်းအမှား

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှရွာကို ယမန်နေ့ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီ တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပြီး မကြာခင်မှာပဲ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေက အဆိုပါ မီးလောင်မှုဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ မိုင်းထုတ်လုပ်ရေး နေရာ မတော်တဆဖြစ်ပြီး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဝါဒဖြန့်ချိမှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေရဲ့ ဖော်ပြချက် မှန် မမှန်ကို CJ Platform သတင်းဌာနက စိစစ်ခဲ့ပါတယ်။
လက်ပန်လှရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုကို ဒေသတွင်း သတင်းဌာနတွေဖြစ်တဲ့ ခေတ်သစ် သတင်းဌာနက ယမန်နေ့ည ၈ နာရီ ၂၈ မိနစ်မှာ စပြီး တင်ခဲ့သလို Mandalay Free Press (MFP) သတင်းဌာနကလည်း ၉ နာရီ ၂၂ မိနစ်မှာ တင်ခဲ့တာဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ခေတ်သစ်သတင်းဌာန ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/y757fr58
MFP သတင်းဌာနဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/4dj75xc7
အဆိုပါ သတင်းဌာနတွေက လက်ပန်လှရွာ ဗုံးကြဲတိုက်ခိုက်မှုကို ဖော်ပြပြီး သိပ်မကြာခင်မှာပဲ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ ဟန်ငြိမ်းဦး တယ်လီဂရမ်ချိန်နယ်ကနေ ယမန်နေ့ည ၉ နာရီ ၁၀ မိနစ်မှာ လက်ပန်လှရွာအနီးက PDF စခန်းကို လေကြောင်းတိုက်ခိုက်ရာမှာ လက်နက်ခဲယမ်းထားရှိရာကို ထိမှန်တာကြောင့် ထပ်ဆင့်ပေါက်ကွဲခဲ့တယ်လို့ စပြီး ဖော်ပြတာကို စိစစ်တွေ့ရှိရပါတယ်။
ဒါ့ပြင် အခြားသော စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ မှိုင်းဝေ ချန်နယ်က ၉ နာရီ ၄၉ မိနစ်မှာ အဆိုပါ သတင်းကို ထပ်ပြီးမျှဝေခဲ့သလို နေပြည်တော် ဆိုတဲ့ ချန်နယ်ကလည်း ၁၀ နာရီ ၁ မိနစ်မှာ ထပ်ပြီး မျှဝေထားတာကိုလည်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ မှိုင်းဝေနဲ့ နေပြည်တော် ချန်နယ်တွေရဲ့ ဖော်ပြချက်တွေမှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တယ်ဆိုတဲ့ ဖော်ပြချက် မပါဝင်တော့ဘဲ PDF တပ်ဖွဲ့ဝင်တွေရဲ့ မိုင်းထုတ်လုပ်ရေးစခန်း မီးလောင်တာကြောင့်လို့ပဲ ရေးသားဖော်ပြထားတာကို စိစစ် တွေ့ရှိရပါတယ်။
ဟန်ငြိမ်းဦး ချန်နယ် ဖော်ပြချက်ဖတ်ရှုရန် – https://tinyurl.com/37rck7m2
မှိုင်းဝေ ချန်နယ် ဖော်ပြချက် ဖတ်ရှုရန် – https://tinyurl.com/2p9pccay
နေပြည်တော် ချန်နယ်ဖော်ပြချက် ဖတ်ရှုရန် – https://tinyurl.com/3wrf8zup
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ စာရေးသားဖော်ပြချက်တွေနဲ့အတူ PDF ရဲဘော်တွေ မိုင်းတွေ ထုတ်လုပ်နေတဲ့ ပုံနှစ်ပုံနဲ့ မီးလောင်ကျွမ်းနေတဲ့ ပုံတစ်ပုံ စုစုပေါင်း ဓာတ်ပုံသုံးပုံကိုပါ ထည့်သွင်း ဖော်ပြထားတာကြောင့် အဆိုပါ ဓာတ်ပုံတွေဟာ သတင်းနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေ ဟုတ် မဟုတ် စစ်ဆေးကြည့်ရာမှာတော့ အောက်ပါအတိုင်းတွေ့ရှိခဲ့ရပါတယ်။
ပထမတစ်ပုံဖြစ်တဲ့ လူလေးယောက် စားပွဲခုံတွေပေါ်ထိုင်ပြီး မိုင်းတွေ ဆင်နေတဲ့ဓာတ်ပုံကို စစ်ဆေးကြည့်တဲအခါမှာတော့ အဆိုပါဓာတ်ပုံဟာ အမျိုးသား ညီညွှတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန (NUG-MOD) ရဲ့ ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) နဲ့ ပူးပေါင်းပြီး လက်နက်ခဲယမ်းတွေ ထုတ်လုပ်နိုင်ပြီဖြစ်တယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်ချက်ထဲက ပုံ ဖြစ်နေတာကို တွေ့ရပါတယ်။ အဆိုပါ ဓာတ်ပုံကို Frontier Myanmar နဲ့ BBC သတင်းဌာနတို့ကလည်း အသုံးပြုထားဖူးပြီး လက်ရှိမှာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြထားတဲ့ လက်ပန်လှရွာအနီးက PDF စခန်းက လက်နက်ခဲယမ်းပေါက်ကွဲမှုတွေနဲ့ ဘာမှ မဆိုင်တာကို စိစစ်တွေ့ရှိရပါတယ်။
ပထမဓာတ်ပုံကို ကြည့်ရှုရန် – https://tinyurl.com/bdhetys3
NUG-MOD ရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရှုရန် – https://tinyurl.com/sshs6b79
Frontier Myanmar သတင်းဌာနရဲ့ ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/d6pdp2dx
BBC သတင်းဌာနဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/y6m6285p
နောက်ထပ်ပုံတစ်ပုံဖြစ်တဲ့ လူအများအပြားဟာ လက်နက်ခဲယမ်းထုတ်လုပ်နေတဲ့ မြင်ကွင်းဓာတ်ပုံကို စစ်ဆေးကြည့်ရာမှာတော့ ပုံရဲ့ မူလပိုင်ရှင်ဟာ ပုံတောင် Tiger PDF ရဲ့ ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ ထုတ်ပြန်ချက်ကပုံဖြစ်ပြီး လက်ပန်လှဖြစ်စဉ်နဲ့ သက်ဆိုင်မှု မရှိတာကို တွေ့ရပါတယ်။ အဆိုပါ ဓာတ်ပုံကို ဧရာဝတီနဲ့ ဧရာဝတီတိုင်းမ် သတင်းဌာနတို့က ပုံတောင် Tiger PDF အဖွဲ့ရဲ့ လက်နက်ထုတ်လုပ်မှုအကြောင်း သတင်းမှာ ဖော်ပြသုံးစွဲထားတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။
ဒုတိယဓာတ်ပုံကို ကြည့်ရှုရန် – https://tinyurl.com/55f9ayza
ပုံတောင် Tiger PDF ထုတ်ပြန်ချက်ကို ဖတ်ရှုရန် – https://tinyurl.com/cmykzwk3
ဧရာဝတီသတင်းဌာနဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/2k42u3xp
ဧရာဝတီတိုင်းမ် သတင်းဌာနဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/5n84jpz8
တတိယဓာတ်ပုံဖြစ်တဲ့ မီးလောင်နေမှုမြင်ကွင်းဓာတ်ပုံကို ဆက်လက်စစ်ဆေးကြည့်ရာမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားတဲ့ ပုံဖြစ်တာကို တွေ့ရှိရပြီ’ လက်ပန်လှဖြစ်စဉ်နဲ့ လုံးဝမသက်ဆိုင်တာကို တွေ့ရှိရပါတယ်။ ရှိမ်းမကားရွာ ဖြစ်စဉ်ကို မဲခေါင်သတင်းဌာကနဲ့ MFP သတင်းဌာနတို့က အဆိုပါ ဓာတ်ပုံနဲ့အတူ သတင်းဖော်ပြဖူးတာကိုလည်း တွေ့ရှိရပါတယ်။
တတိယဓာတ်ပုံကိုကြည့်ရှုရန် – https://tinyurl.com/46rxf2fp
မဲခေါင်သတင်းဌာနဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/47au378w
MFP သတင်းဌာနဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/4ztn62nh
ဓာတ်ပုံတွေကို လက်ပန်လှဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းရှိ မရှိ စိစစ်ပြီးနောက်မှာ လက်ပန်လှရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကို အတည်ပြုနိုင်ဖို့အတွက် လေယာဉ်ပျံသန်းမှုတွေကို ဆက်လက်စိစစ်ကြည့်ရာမှာ စစ်ကောင်စီရဲ့ လေယာဉ်ပျံသန်းမှုတွေကို ခြေရာခံစောင့်ကြည့်နေတဲ့ Nation Air Scout (NAS- နပ်စ်လေကြောင်းရန်) တယ်လီဂရမ်ချန်နယ်မှာ ယမန်နေ့ ညနေ ၅ နာရီ ၃၉ မိနစ်က မိတ္ထီလာရှမ်းတဲ လေတပ်ကနေ Fighter Jet တစ်စင်း အရှေ့မြောက်အရပ်ကို ပျံတက်သွားကြောင်း ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ မိတ္ထီလာမြို့နဲ့ လက်ပန်လှရွာတွေရဲ့ တည်နေရာတွေကို မြေပုံတွေမှာ စစ်ဆေးကြည့်တဲ့အခါမှာတော့ မိတ္တီခါမြို့ရဲ့ အရှေ့မြောက်ဘက်မှာ လက်ပန်လှရွာ တည်ရှိနေတာကို တွေ့ရပါတယ်။
ဒါ့ပြင် လက်ပန်လှရွာကို လေကြောင်းကနေ ယမန်နေ့ ညနေခြောက်နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ MFP သတင်းဌာနက ဖော်ပြချက်အရ ရှမ်းတဲလေတပ်ကနေ လေယာဉ်ပျံတက်ချိန်နဲ့ လေကြောင်း တိုက်ခိုက်ချိန်ဟာ သိပ်မကွာတာကို ဖြစ်တဲ့အတွက် အဆိုပါ လေယာဉ်က လက်ပန်လှရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်ကောင်စီလော်ဘီချန်နယ်တွေကလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကို အတည်ပြု ဖော်ပြထားတာကြောင့် လက်ပန်လှရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်း တွေ့ရှိရပါတယ်။
လေယာဉ်ပျံတက်ချိန်ကို NAS ချန်နယ်ဖော်ပြချက် ကြည့်ရှုရန် – https://tinyurl.com/yc5brcd8
မိတ္ထီလာ ရှမ်းတဲလေတပ်နဲ့ လက်ပန်လှရွာ တည်နေရာကို Google မြေပုံမှာ ကြည့်ရန်- https://tinyurl.com/5n4pkbxn
ဆက်လက်ပြီး လက်ပန်လှရွာ အမှန်တကယ်မီးလောင်ခြင်းရှိမရှိ ကိုလည်း NASA ရဲ့ မီးလောင်မှုအချက်ပြ မြေပုံနဲ့ စစ်ဆေးကြည့်ရှုရာမှာ ယမန်နေ့ မတ်လ ၃၁ ရက်နေ့ မှာ လက်ပန်လှရွာ အနီးမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ NASA မီးလောင်မှုပြ မြေပုံရဲ့ အချက်အလက်တွေအရ လက်ပန်လှရွာ အနီးတဝိုက် မီးလောင်မှုကို နာဆာဂြိုဟ်တုက ယမန်နေ့ည ၉ နာရီ ၂၁ မိနစ်မှာ ထောက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး မီးလောင်ချိန်ဟာလည်း ၃ နာရီကနေ ၆ နာရီအထိ ကြာမြင့်တယ်လို့ ဖော်ပြထားပါတယ်။
NASA မီးလောင်မှုအချက်ပြမြေပုံကို ကြည့်ရှုရန် – https://tinyurl.com/y4hh77st
အချုပ်အားဖြင့် လက်ပန်လှရွာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ကို CJ Platform သတင်းဌာနရဲ့ စိစစ်ချက်တွေအရ လက်ပန်လှရွာကို ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမှန်တကယ်မီးလောင်ပျက်စီးခဲ့တာကို စိစစ်အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့ပြင် စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေက ဖော်ပြနေတဲ့ PDF တွေရဲ့ လက်နက်ခဲယမ်း ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်း ဆိုတဲ့ အချက်ကတော့ သတင်းတု သတင်းအမှားတွေသာ ဖြစ်ပြီး သတင်းမှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာလည်း ဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုပြီး လိမ်လည်လှည့်ဖြားပြီး ဝါဒဖြန့်ချက်တွေသာ ဖြစ်တယ်ဆိုတာကို စစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။
အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။
ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။
အလွယ်မယုံလိုက်ကြနဲ့နော်။