နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းနေ့ရက် သတ်မှတ်ထားပေမဲ့ ပုသိမ်မှာ သင်္ကြန်မဏ္ဍပ်တွေ ဆောက်နေဆဲ

Author CJ Platform
Categories
Published on Apr 01, 2025

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် (the day of national mourning) အဖြစ် ၇ ရက် သတ်မှတ်ထားပေမဲ့ ဒီနှစ်သင်္ကြန်အတွက် သင်္ကြန်မဏ္ဍပ်တွေကို ပုသိမ်မှာ ဆက်လက် ဆောက်လုပ်နေဆဲ ဖြစ်တယ်လို့ ပုသိမ်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

အင်အားပြင်းငလျင်ဒဏ်ကြောင့် သေဆုံးသူ ထောင်နဲ့ချီရှိနေပြီး ပျောက်ဆုံးနေသူတွေကို နိုင်ငံတကာ အကူအညီအနဲ့ပါ ရှာဖွေနေရချိန်မှာ ပုသိမ်မြို့ရဲ့ ကန္နားလမ်းတစ်လျောက် သင်္ကြန်မဏ္ဍပ်တွေကို ဆောက်လုပ်နေတာပဲ ဖြစ်ပါတယ်။

“ မဏ္ဍပ်တွေဆောက်တာ တဖြေးဖြေးများလာပြီ ဆောက်လက်စတွေလည်း ဆက်ဆောက်နေတုန်းပဲ အားလုံးဘဝပျက်နေကြချိန်မှာ ပျော်ဖို့ပါးဖို့လုပ်နေတာတော့ အလုပ်မဟုတ်ဘူးထင်တယ် “ လို့ ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ပုသိမ်မြို့မှာ ငလျင်လှုပ်ပြီးချိန်ကစလို့ လျှပ်စစ်မီးပျက်တောက်ခဲ့တာကြောင့် သောက်သုံးရေ ပြတ်လပ်တာတွေရှိခဲ့ပေမဲ့ စစ်ကောင်စီက မည်သို့မှအကူအညီမပေးပဲ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့သာ အာရုံစိုက်နေတယ်လို့ သူကဆက်ပြောပါတယ်။

 

သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အတွင်း မထည့်မနေရ ငွေကောက်ခံနေတာတွေလည်းရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ သင်္ကြန်မဏ္ဍပ်ဆောက်ဖို့တဲ့ တစ်အိမ်ထောင် နှစ်ထောင်ထည့်ရတယ်။ သူ့ခေတ်သူ့အခါဆိုတော့ မငြင်းရဲဘူး။ ဒီလိုအချိန်ကြီး သူတို့ပဲပျော်ချင်နေကြတယ် “ လို့ မြို့ခံ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အခုနှစ်ကျင်းပမယ့် သင်္ကြန်ပွဲတော်မတိုင်မီ နှစ်ပေါင်း ၁၈၆ နှစ်အကြာမှာ အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် ရှေးဟောင်းအမွေအနှစ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသလို လူပေါင်းများစွာသေဆုံးပြီး မိနစ်ပိုင်းအတွင်း သံဝေဂရစရာ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

 

သင်္ကြန်ပွဲတော်ကျင်းပဖို့အတွက် ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားရာ လားရှိုးမြို့မှာတော့ သင်္ကြန်မဏ္ဍပ်ကြီးတွေ တည်ဆောက်ထားပေမဲ့ လူသားချင်းစာနာ ဝမ်းနည်းမှုကို ပြသလိုတာကြောင့် အခုလို မဏ္ဍပ်တွေ ဖျက်သိမ်းလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကလည်း မြို့သမိုင်းတလျောက်မှာ အစည်ကားဆုံးလုပ်မယ်ဆိုပြီး သင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ထားပေမဲ့ အားလုံးဖျက်သိမ်း လိုက်ပြီး ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ ပြည်သူတွေ မည်သူကိုမဆို အခမဲ့ဆေးကုသပေးမယ်လို့ ဖိတ်ခေါ်ထားပါတယ်။

 

ရန်ကုန်မြို့ရှိ ထိုင်းဘုရင့်သံရုံးမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သင်္ကြန်ပွဲတော် အခမ်းအနားကိုလည်း ကြေကွဲဖွယ် မြေငလျင်ကြောင့် ဖျက်သိမ်းလိုက်တယ်လို့ Royal Thai Embassy, Yangon က မတ် ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ဖျက်သိမ်းခဲ့ပါတယ်။

 

အခုနှစ်သင်္ကြန်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ပထမဆုံးကျင်းပမယ့် သင်္ကြန်ပွဲ ဖြစ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေမှာ စီစဉ်ဆောင်ရွက် နေကြတာပါ။

 

စစ်ကောင်စီက မြန်မာ့ရိုးရာသင်္ကြန်ကို ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂ ယူနက်စကို ကို ၂၀၂၃ ခုနှစ်၊ မတ်လက တင်ပြခဲ့တာ ဖြစ်ပြီး ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်က ၇ ရက်နေ့အထိ ကျင်းပခဲ့တဲ့ (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံမှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် အတည်ပြုလိုက်ပါတယ်။