အုတ်ဖိုက ပျူခေါင်းဆောင်တစ်ဦးကို ပစ်ခတ်

Author မင်းထက်
Categories
Published on Oct 04, 2023

ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်က ပျူစောထီခေါင်းဆောင် စစ်ကောင်စီအုပ်ကြီးကို ယနေ့နံနက်ပိုင်းက ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ယင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)တာ၀န်ခံ ဗိုလ်တောက်တက်က CJ Platform သို့ ပြောကြားသည်။

၎င်းသည် ရာထူးအာဏာကို အသုံးချပြီး အရပ်သားပြည်သူများကို ဖမ်းဆီးအနိုင်ကျင့်ခြင်း၊ ပျူအင်အားကို စုပေးခြင်းများပြုလုပ်နေသည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်ကျေးရွာအုပ်စု၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်၀မ်းဆိုသူသည် အင်းမတပ်တွင် စစ်သင်တန်းတက်ပြီး ပြန်လာကြောင်းသိရ၍ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က ကြို့ပင်ကောက်ရွာသို့ သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဦးဇော်ဝမ်းသည် ၎င်း၏နေအိမ်အစပ် ရွာလမ်းမပေါ်တွင် ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ၎င်းထံမှ စစ်တပ်အရာရှိများနှင့်ဆက်သွယ်ထားသော သက်သေခံ ဖုန်းနှစ်လုံး၊ ငွေသား လေးသိန်းနှစ်သောင်းကျပ်နှင့် ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“စခဗိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ သူ့ဖုန်းထဲက သက်သေတွေရခဲ့ပါတယ်။ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ အရပ်ဝတ်စခ တွေ ၄၀ လောက်နဲ့ မသာကို လာယူသွားပါတယ်။ ရွာထဲမှာ သေနတ်အချက်ရေ ၂၀ လောက် အတွဲလိုက်ဖြုတ်သွားတယ်” ဟု အထက်ပါတာ၀န်ခံက ပြောသည်။

ရှင်းလင်းခံခဲ့ရသည့် ဇော်၀မ်းဆိုသူသည် စစ်တပ်ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး ၎င်းသည်ဒေသခံလူငယ်များကို ပျူစောထီးအဖွဲ့၀င်ရန် မက်လုံးပေးစည်းရုံးကာ စစ်ကောင်စီအတွက် အင်အားစုပေးခြင်း၊ စစ်ကောင်စီထံ တော်လှန်ရေးရဲဘော်များ၏ သတင်းများထောက်လှမ်းပေးပို့ခြင်း၊ PDF စခန်းနေရာများကို သတင်းပေးခြင်းနှင့် စစ်ကြောင်းထိုးရာတွင် လိုက်လံပြသခြင်း၊ စစ်ကောင်စီအရာရှိများနှင့်ပေါင်း၍ ဒေသခံပြည်သူများကိုဖမ်းဆီးအနိုင်ကျင့်ခြင်းတို့ကြောင့် ယခုကဲ့သို့ ပစ်ဒဏ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က ဆိုသည်။