ဘိုကလေးမှာ မိကျောင်းဆွဲခံရပြီး အမျိုးသား ၂ဦး သေဆုံး

Author CJ Platform
Categories
Published on Jul 05, 2025

ဧရာဝတီတိုင်း ဘိုကလေးမြိုနယ် ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာမှာ အမျိုးသား ၂ဦး မိကျောင်းဆွဲခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

လှေလုံးကွဲကျေးရွာမှာ ဇူလိုင်လ ၂ရက်နေ့ မနက်ပိုင်းက ချောင်းထဲ ရေဆင်းချိုးတဲ့ ကိုသန်းဇော် အသက် (၃၂)နှစ်ဟာ မိကျောင်းဆွဲခံရတာကြောင့် ဒေသခံတွေက လိုက်လံရှာဖွေရာမှာ ချောင်းအတွင်း မိကျောင်းကိုက်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းကို ပြန်တွေ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဇူလိုင်လ ၃ရက်နေ့ မနက်ပိုင်းကလည်း လှေလုံးကွဲကျေးရွာက အသက်(၁၆)နှစ်အရွယ် မောင်ဇော်ဇော်အောင်ဟာ ချောင်းတွင်းရေဆင်းချိုးချိန်မှာ မိကျောင်းဆွဲခံရပြီး ဒီကနေ့ထိ အလောင်းပြန်ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

“မိကျောင်းက ၁၀တောင်ကျော်လောက်ရှည်ပြီး အကောင်ကြီးတယ်လို့ ရွာကလူတွေပြောကြတယ်၊ တစ်ကောင်ထဲပဲ သောင်းကျန်းနေတာလား နှစ်ကောင်လားဆိုတာတော့ မသိဘူး”လို့ ကဒုံကနိကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

 

 

ချောင်းဗြဲကြီးကျေးရွာအုပ်စုဟာ မိကျောင်းတွေ ကျက်စားတဲ့ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အနီးမှာရှိတာကြောင့် အခုလို မိကျောင်းအသိုက်ဖွဲ့တဲ့ အချိန်တွေမှာ မိကျောင်းဆွဲမှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက် (ပုံအဟောင်း)

 

 

 

 

 

Related News

Depend on news