သာယာလှပတဲ့ ထီးချိုင့်ကို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီ

Author သတင်းအဖွဲ့
Categories
Published on Jan 18, 2024

ထီးချိုင့်မြို့ဆိုတာ ဧရာဝတီမြစ်ကမ်းရဲ့ လက်ျာဘက်ကမ်း တောင်ကုန်းငယ်ပေါ်မှာ တည်ရှိတဲ့ သာယာလှပတဲ့ မြို့ငယ်လေးပါ။ စစ်ကိုင်းတိုင်း ကသာခရိုင်အတွင်းမှာ ပါဝင်တဲ့ မြို့ငယ်လေးပေါ့။ ဧရိယာစတုရန်းမိုင် ဒဿမ ၀၄၈မိုင် ကျယ်ဝန်းပြီးတော့ ရာသီဥတုမျှတတဲ့ မြို့ငယ်လေးမှာ ကချင်၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ မြို့ငယ်လေးပါပဲ။

၂၀၁၉ခုနှစ် စက်တင်ဘာ အထိ စာရင်းအချက်တွေအရ ဒီမြို့ငယ်လေးမှာ မြို့နေ အိမ်ခြေ ၃၀၇၁ ဝန်းကျင်ရှိပြီးတော့ မြို့နေ လူဦးရေဟာ ၁၆၃၆၀ ဝန်းကျင်ရှိပါတယ်။ ကျေးလက်နေ လူဦးရေကတော့ ၁၁၀၄၀၁ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ အလုပ်လုပ်နိုင်သူဦးရေဟာ ၇၈၉၁၇ဦး ဝန်းကျင် ရှိပြီးတော့ အလုပ်လက်မဲ့ဦးရေဟာ ၂ ဒဿမ ၅ ဝန်းကျင်သာ ရှိတာကြောင့် အရမ်းကို ကြိုးစား ရိုးသားကြတဲ့ မြို့သူမြို့သားများပါပဲ။

 

ဒီမြို့ငယ်လေးမှာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့က စတင်ပြီးတော့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ နေ့စဉ်လိုလို မြို့ငယ်လေးကို လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

 

မြို့သူမြို့သားတွေကတော့ စစ်ဘေးတိမ်းရှောင်သွားခဲ့ရတာ ကြာမြင့်ခဲ့ပါပြီ။ မြို့ငယ်လေးကတော့ ၈၀ရာခိုင်နှုန်းကျော်ကျော် စစ်ကောင်စီတပ်ရဲ့ ဖျက်ဆီးခြင်းကို ကြုံတွေ့နေရပါတယ်။

 

စစ်ကောင်စီလော်ဘီတွေရဲ့ ဖြန့်ဝေထားတဲ့ ရုပ်သံမှတ်တမ်းတစ်ခုမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက် တပ်စွဲကာ ပြည်သူတွေ ကျန်ရှိခဲ့တဲ့ စားသောက်ဖွယ်ရာတွေကို အခန့်သင့် စားသောက်ပြီးနောက် တော်လှန်ရေးအင်အားစုတွေကို နှိမ့်ချစိန်ခေါ်မှုတွေ လုပ်ဆောင်နေတာလည်း တွေ့မြင်ခဲ့ရပါတယ်။

 

စစ်ကောင်စီတပ်တွေဟာ သာယာလှပတဲ့ မြို့ငယ်လေးကို ဘယ်လောက်များ ဖျက်ဆီးခဲ့ပါသလဲ။ ဇန်နဝါရီ ၁၆ရက်နေ့မှာတော့ Tigyaing Revolution-TR က မြို့ငယ်လေးရဲ့ နေရာအချို့ကို ဒရုန်းနဲ့ မှတ်တမ်းတင်ရိုက်ကူးပြီးတော့ စစ်ကောင်စီကြောင့် ပျက်စီးနေတဲ့ မြင်ကွင်းတွေကို ထုတ်ပြန်လာခဲ့ပါတယ်။ ဒီသတင်းဓာတ်ပုံတွေကို အခြေခံပြီးတော့ CJ Platform က ကောင်းကင်ဂြိုလ်တုမြေပုံတွေနဲ့ တည်နေရာတွေကို တိုက်ဆိုင်စစ်ဆေးပြီး တစ်ချိန်က သာယာလှပခဲ့တဲ့ မြို့ငယ်လေးပုံနဲ့ လက်ရှိ မြို့ငယ်လေးမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို ဓာတ်ပုံတစ်ခုချင်းစီကို ကြည်ရှုပြီးနောက် စာဖတ်သူ ပြည်သူတွေအနေနဲ့ပဲ မှတ်ချက်ပြုပေးနိုင်ဖို့ စုစည်းတင်ပြလိုက်ပါတယ်။