စစ်ကောင်စီအထိုင်ချထားသည့် ငွေတွင်းရွာအား ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက် ၁၇ဦးသေ

Author လင်းခိုင်
Categories
Published on Sep 17, 2022

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် စစ်ကောင်စီအထိုင်စခန်းချထားသည့် ငွေတွင်းရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၁၇ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး မြို့ပြပျောက်ကားတပ်ဖွဲ့မန္တလေး (Generation Z Power)က ယနေ့ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၅ရက် နံနက် ၄နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ အထိုင်ချထားပြီး အမာခံပျူစောထီးများရှိသည့် ငွေတွင်းရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည် တစ်နာရီကျော်ခန့်ကြာမြင့်ခဲ့ပြီး အချိန်လိုအပ်ချက်အရပြန်လည်ဆုတ်ခွာခဲ့ကာ ပြည်သူ့စစ်သားနှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး မြို့ပြပျောက်ကားတပ်ဖွဲ့မန္တလေးနှင့် မုံရွာခရိုင်တပ်ရင်း ၆ Zero ပျောက်ကြားတပ်ဖွဲ့ BRA(MRTF) အရာတော်ဘုန်းနိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Zayar 7ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေး မြို့ပြပျောက်ကြားတပ်ဖွဲ့မန္တလေး(Generation Z Power)သည် မန္တလေးမြို့အခြေပြုကာ မြို့ပျပျောက်ကြားစစ်ဆင်ရေးများဆင်နွှဲနေကာ တစ်နှစ်ခွဲကျော်ကာလအတွင်း ၎င်းအဖွဲ့မှ ရဲဘော်၁၆ဦးကျဆုံးခဲ့ပြီး ၆ဦးဖမ်းဆီးခံထားရသည်။