နှစ်ထပ်ဘန်ကာ Jammer ထောင်ပြီး အ‌ကြောက်တရား ကြီးစိုးလာတဲ့ သုံးနှစ်သား စစ်ကောင်စီ

Author လင်းနွေဦး
Categories
Published on Jan 11, 2024

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီဆို အာဏာသိမ်းစစ်ကောင်စီသက်တမ်း သုံးနှစ်တင်းတင်း ပြည့်တော့မှာပါ။ စစ်ကောင်စီဟာ လက်နက်အားကိုးနဲ့ အာဏာသိမ်းသလို လက်နက်ကြောင့်ပဲ သူတို့အာဏာ ဆက်ထိန်းထား‌နိုင်သေးတဲ့ သဘောပါ။

 

အခုတော့ သူတို့အားသာတဲ့ လေကြောင်းနဲ့ လက်နက်ကြီးကို အသုံးပြုနေပေမယ့် မြို့/မြို့နယ်ပေါင်း ၂၈ မြို့ကို တော်လှန်ရေးအင်အားစုတွေဆီ လက်လွှတ်လိုက်ရပြီးနောက်မှာတော့ အကြောက်တရား ကြီးစိုးလာနေကြပါပြီ။

 

သူတို့ကောင်းကောင်းထိန်းချုပ်ထားနိုင်တဲ့ ရန်ကုန်နဲ့ နေပြည်တော်လိုမြို့ကြီးတွေမှာတောင် ခံစစ်သဘောပြင်ဆင်မှုများစွာ လုပ်ဆောင်လာနေရပါပြီ။

 

မျက်ခုံးလှုပ်လာရတဲ့ စစ်ကောင်စီဟာ မြို့တွင်း ကင်းလှည့်မှုတွေ ပိုလုပ်လာတာ၊ အစစ်အဆေးတွေ ကြမ်းလာတာ၊ တစ်ထပ် ဘန်ကာတွေကနေ နှစ်ထပ်ဘန်ကာအဖြစ် အဆင့်မြှင့်ရတဲ့အထိ ကာကွယ်ထားရပါတယ်။

 

တစ်ဖန် သူတို့စခန်းချရာနေရာတွေမှာ တစ်ထပ်တိုက်အိမ်တစ်လုံးဆောက်ဖို့ လုံလောက်တဲ့အထိ သဲအိတ်အထပ်ထပ်ချတာမျိုးတွေ မြင်တွေ့လာနေရပါတယ်။

 

ဝဋ်ဆိုတာ ဘဝမကူးဘူးဆိုတဲ့စကားအတိုင်း စစ်ကောင်စီတပ်သား‌တွေ ကြုံတွေ့နေကြပါပြီ။

 

“ဘယ်လိုဝဋ်ကြွေးပါလဲ။”

 

တခြားတော့မဟုတ်။ စစ်ကောင်စီတပ် အားသာတာ လေကြောင်းတစ်ခုပဲရှိတော့တာ အားလုံးအသိ။

 

လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အားကောင်းရာ ဒေသတွေကို လေယာဉ်နဲ့ အရပ်ဘက်၊ စစ်ဘက်မရွေး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ပြီး စစ်ရာဇဝတ်မှုတွေ တောက်လျှောက် ကျူးလွန်နေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းနဲ့ မောင်းသူမဲ့လေယာဉ်တွေရဲ့ရန်ကို အကြီးအကျယ် ကြောက်ရွံ့လို့ နေကြပါပြီ။

 

လက်စောင်းထက်လာတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းရန်ကို ကြောက်လာရတဲ့အတွက် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ကရင်၊ ကချင်၊ ကရင်နီ(ကယား)၊ ချင်းနဲ့ ရှမ်းမြောက် စတဲ့ဒေသတွေအပြင် ရန်ကုန်လိုနေရာတွေမှာပါ ဒရုန်းဖျက်ချရေး ကိရိယာ ဂျန်မာ(Jammer)တွေကို အသုံးပြုလာမှုဟာ ငြင်းမရဘဲ ဘူးပေါ်သလို ပေါ်လာခဲ့ပါတယ်။

 

ဒီဂျန်မာတွေကို ရန်ကုန်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ တပ်စွဲရာ ရဲစခန်းလို နေရာမျိုးတွေ၊ တပ်စခန်းကြီးတွေနဲ့ ကင်းစောင့်ရာ ကင်းတဲကြီးတွေမှာ ဦးစားပေး တပ်ဆင်လာသလို လူကြီးလမ်းကြောင်းခေါ် အဘတွေ သွားလာရာလမ်းကြောင်းတွေကို လုံခြုံရေးလိုက်ပါပေးတဲ့ စစ်ကောင်စီ ကားတွေအပေါ်ထိပါ မြင်တွေ့လာရပါတယ်။

 

“ဂျန်မာတွေဘယ်လိုအလုပ်သလဲ။”

 

ဂျန်မာတွေကိုကြည့်လိုက်မယ်ဆိုရင် အသေးအမွှားလေးပါလို့ ထင်ချင်စရာပါ။ ဂျန်မာတွေဟာ မြွေတွေလိုပင်။ အကောင်သေးပေမဲ့ လျှော့တွက်လို့မရတဲ့အထဲ ပါပါတယ်။

 

ဂျန်မာ‌တွေရဲ့ အလုပ်လုပ်ပုံက မမြင်ရတဲ့ ကြိမ်နှုန်းမြင့်လှိုင်းတွေကို ထုတ်ပေးတာဖြစ်ပြီး အဓိကအနေနဲ့ အဝေးတစ်နေရာက ထိန်းချုပ်မောင်းနှင်တဲ့ ဝေဟင်သုံးမောင်းသူမဲ့ယာဉ်ငယ်တွေထဲ ပါဝင်တဲ့ဒရုန်းတွေကို ထိန်းချုပ်မရတော့အောင်အပြင် ပျက်ကျအောင်အထိ စွမ်းဆောင်ပေးတဲ့ အကောင်သေးသေး အဆိပ်ပြင်းပြင်း ကိရိယာလေးတွေဖြစ်ပါတယ်။

 

“ဂျန်မာ Impact”

 

ဒီလို ဂျန်မာတွေတပ်ဆင်လာမှုရဲ့နောက်ကွယ်မှာ မသိမသာရိုက်ခတ်မှု ခံရတာကတော့ မြို့နေ ပြည်သူတွေ ဖြစ်ပါတယ်။ ဂျန်မာတွေကနေ ထုတ်လုပ်လိုက်တဲ့ ကြိမ်နှုန်းမြင့်လှိုင်းတွေဟာ တပ်ဆင်ထားတဲ့အနီးတဝိုက်ရှိ တခြားသော လှိုင်းကြိမ်နှုန်းတွေကို အနှောင့်အယှက်ပေးတာကြောင့် ဖုန်းတာဝါတိုင်တွေက ထုတ်လွှတ်တဲ့ အင်တာနက်လှိုင်းတွေ ဂျန်မာတွေရှိနေတဲ့ အနီးတဝိုက်ကို မရောက်နိုင်တာတွေ ဖြစ်လာပါတယ်။ အဲဒီတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်မှုတွေ ဖြစ်ပေါ်ရပါတယ်။

 

ဒါကို သတိထားမိတဲ့ ရန်ကုန်မြို့နယ်မှာရှိတဲ့ သာကေတမြို့ခံတစ်ဦးကတော့ သူ့အတွေ့အကြုံကို CJ Platform ကို အခုလို ပြောပြပါတယ်။

 

“အဲဒီအကြောင်းနဲ့ ပတ်သက်လို့ တစ်ခု သတိထားမိတာရှိတယ်။ သာကေတ ပန်းခြံကွေ့နားဆိုရင် လိုင်းက လုံးဝကျသွားတာမျိုး ခဏခဏဖြစ်တယ်။ အဲဒီနားရောက်ရင်ကို ကျသွားတာ။ အမြဲသတိထားမိနေတာ အဲဒီနားမှာ ရေတပ်ရှိတာကိုးဆိုပြီး၊ လိုင်းကားစီးရင်းနဲ့ လိုင်းပျက်တတ်တဲ့နေရာကို မှတ်ထားမိတာ” လို့ ဆိုပါတယ်။

 

သာကေတလို နေရာမျိုးတွေအပြင် အများဆုံး လိုင်းပြတ်တောက်မှုတွေ ဖြစ်တတ်တာက လှိုင်သာယာနဲ့ အင်းစိန်လို မြို့နယ်တွေလို့ CJ Platform ကနဦး စုံစမ်းသိရှိထားရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ဂျန်မာစက်တွေ မြို့နယ်မတော်တော်များများမှာ လိုက်လံ တပ်ဆင်နေတယ်လို့လည်း အတွင်းသတင်းရင်မြစ်တွေအရ သိရပါတယ်။

 

“အဓိကအနေနဲ့ ရဲစခန်းတွေနား ဖြတ်သွားတဲ့အခါမျိုးတွေမှာ သတိထားမိတာ” လို့ လှိုင်သာယာကနေ အင်းစိန်ဘက် အသွားအလာရှိတဲ့ လူငယ်တစ်ဦးကလည်း ပြောပါတယ်။

 

“လိုင်းကားစီးတာဖြစ်ဖြစ်၊ Taxi ငှားစီးဖို့ လမ်းလျှောက်သွားရင်း ရဲစခန်းတွေနားရောက်ရင် လိုင်းက အော်တို ပျောက်ပျောက်သွားလို့ သတိထားမိနေတာ။ နောက်တစ်ခုက သီချင်းနားထောင်ဖို့လုပ်တော့  Bluetooth က ဘယ်လိုမှ ချိတ်မရဘူး။ အဲဒီနေရာတွေ အမြဲဖြစ်တော့ လိုက်လေ့လာကြည့်ရင်း အဲဒီလိုကိရိယာတွေ တပ်ထားတာကြောင့်မှန်း သတိထားမိတာ” လို့ သူ့ရဲ့ အတွေ့အကြုံကို  ပြောပါတယ်။

 

မြို့နယ်တိုင်းလိုလိုမှာ ဒရုန်းဖျက်ကိရိယာတွေ လိုက်တပ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့ အထက်လူကြီးတွေ သွားလာရေးလမ်းကြောင်း လုံခြုံရေးတွေအတွက်မှာလည်း အသုံးပြုဖို့ မမေ့ထားပါဘူး။

 

ဒီအကြောင်းကိုတော့ ရန်ကုန်မြို့ထဲဘက် အသွားအလာရှိတဲ့ အသက် ၁၇ နှစ် အရွယ် လူငယ် တစ်ဦးက စစ်ကောင်စီ တပ်သားတွေရဲ့ သွားလာလှုပ်ရှားလုံခြုံရေးယူပုံတွေကို CJ Platform သို့ အခုလို ပြောပါတယ်။

 

“လမ်းမတော်တို့၊ ပြည်လမ်းတို့ မြို့ထဲဘက်တွေမှာ လှည့်ကင်းပတ်တဲ့ ကားတွေရှိတယ်။ ဒဘယ်ကပ်ကားတွေပေါ်မှာ တင်ပြီးဆင်ထားတာ လူကြီးလမ်းကြောင်းပတ်တာမျိုးတွေပေါ့။ ကားခေါင်းခန်း အရှေ့ခန်းပေါ်မှာ Tower တိုင်သေးသေးလေးတွေဆင်ထားတာ ခန့်မှန်းခြေ သုံးချောင်းလောက်ရှိမယ်” လို့ သူမြင်တွေ့ပုံကို ပြောပြပါတယ်။

 

ဒီလိုမျိုး ဂျန်မာတွေ ကျယ်ကျယ်ပြန့်ပြန့်တပ်ဆင်လာမှုအပေါ်   မြို့ထဲဘက်ရောက်တဲ့ မြို့နယ်တွေ၊ တောင်ဥက္ကလာပနဲ့ မြောက်ဒဂုံတို့လို မြို့နယ်တွေက ပြည်သူတွေအနေနဲ့ လိုင်းပြတ်တောက်မှုတွေ၊ အင်တာနက်လိုင်းတွေ အရင်ကလောက် မကောင်းတော့တာ၊ လိုင်းအတက်အကျ မတည်ငြိမ်မှု မကြာခဏ ဖြစ်တာမျိုးတွေကို တွေ့ကြုံနေရတယ်လို့ မြို့ခံအသီးသီးက ဆိုပါတယ်။

 

ဒီကိစ္စအပေါ်  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့ဝင် နည်းပညာကျွမ်းကျင်သူတစ်ဦးကတော့ အခုလို မှတ်ချက်ပေး ပြောကြားပါတယ်။

 

“သူတို့မှာထားတဲ့ ဒရုန်းဖျက်တဲ့ဂျန်ပါအသစ်တွေ ထပ်ရောက်လာပြီးတော့ တပ်နေတာဖြစ်နိုင်တယ်။ စက်စမ်းချိန်မှာ ယာယီပျက်သွားတာ ဖြစ်နိုင်တယ်။ ဘယ်လို စက်အမျိုးအစားလဲဆုိတာတော့ မမြင်ရတော့ မပြောနိုင်ဘူး။ အမြဲဖွင့်မထားဘဲ လိုအပ်မှ ဖွင့်တာမျိုး ဖြစ်နိုင်တယ်” လို့ သုံးသပ်ပါတယ်။

 

နိုင်ငံအနှံ့မှာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်မှုတွေကို ခါးစည်းခံနေရတဲ့ စစ်ကောင်စီဟာ အကြောက်တရား ကြီးစိုးလာတာနဲ့အမျှ သူတို့ နယ်မြေစိုးမိုးထားနိုင်တဲ့ ဒေသတွေမှာ လုံခြုံရေးတင်းကြပ်မှုတွေ ပိုမိုဆောင်ရွက်လာပြီး ခြေကုပ်နယ်မြေတွေ မဆုံးရှုံးရစေရေးအလို့ငှာ လက်စောင်းထက်လာတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းရန်က ကာကွယ်ဖို့အတွက် ဒရုန်းဖျက်ချရေးကိရိယာ ဂျန်မာတွေကို ပိုအားကိုးလာတယ်လို့ဆိုရင် မမှားနိုင်ပါဘူး။

 

ဒါကြောင့် လာမယ့် ဖေဖော်ဝါရီမှာ သုံးနှစ်ပြည့်တော့မယ့် စစ်ကောင်စီဟာ အကြောက်တရားတွေ ပြည့်နှက်လာနေခဲ့သလို ၂၀၂၃ ခုနှစ်ထဲ သူတို့ရဲ့စခန်းတွေကိုလည်း အလွယ်တကူ လက်နက်ချတာ၊ စွန့်ခွာတာမျိုးတွေအထိ ကြောက်လန့်နေကြတာ မျက်မြင်‌သက်သေပါပဲ။

 

၂၀၂၄ ခုနှစ်ထဲမှာရော နေပြည်တော်နဲ့ ရန်ကုန်မှာလည်း ဒီလို ဖြစ်လာ‌တော့မလား။ စောင့်ကြည့်ချင်စရာပါ။