စမ်းချောင်းမြို့နယ် ကျွန်းတောတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဗုံးပေါက် ဒဏ်ရာရရှိသူများရှိ

Author အောင်နိူင်သူ
Categories
Published on Sep 15, 2022

စမ်းချောင်းမြို့နယ် ကျွန်းတောတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ယမန်နေ့ည ကိုးနာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီးဒဏ်ရာရရှိသူများရှိသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

ကျွန်းတောတောင်ရပ်ကွက် ရွှေပြည်အေးလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ယမန်နေ့ညကိုးနာရီက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူတွေရှိသည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“ကိုးနာရီလောက်မယ် ရွှေပြည်အေးလမ်းမှာ ဗုံးပေါက်တာအကျယ်ကြီးပဲ ဗုံးပေါက်ပြီး ရဲကားတွေ အရင်ရောက်လာတယ် ပြီးမှ စစ်တပ်က ကားတွေရောက်လာတာ ဒဏ်ရာရတဲ့သူရှိတယ်လို့ ကြားတယ်”ဟု ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေဟာ ရွှေပြည်လမ်းကို ပိတ်ဆိုပြီး စစ်ဆေးခဲ့ပြီး ရုံးအနီးရှိ တိုက်ခန်းအချို့ကိုလည်း စစ်ဆေးခဲ့သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

ယမန်နေ့နံနက်ပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ဆေးမှုအချို့ ပြုလုပ်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ရန်ကုန်တိုင်း မြို့နယ်အချို့မှာ စက်တင်ဘာ ၁ ရက်မှ ၁၄ရက်အထိ ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှု ၁၉ ကြိမ်ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့်အရပ်သားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။