လက်ရှိတော်လှန်ရေးအခြေအနေသည် ၁၉၄၅ ခုနှစ်က ဖက်ဆစ်တော်လှန်ရေးနှင့် တူသည်ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Dec 28, 2023

မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့က အောက်တိုဘာ (၂၇) ရက်နေ့မှ စတင်ကာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားရှိ တော်လှန်ရေးအဖွဲ့အစည်းများကလည်း မိမိတို့ ဒေသအသီးသီးတွင် ဟန်ချက်ညီ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီကို တပြိုင်တည်း တွန်းလှန်တိုက်ခိုက်နေကြခြင်းသည် ၁၉၄၅ ခုနှစ် မတ်လတွင် ဆင်နွှဲခဲ့သည့် ဖက်ဆစ်ဂျပန်တို့ကို နိုင်ငံအနှံ့အပြားတွင် တွန်းလှန်တိုက်ခိုက်သည့် အခြေအနေနှင့် အသွင်သဏ္ဌာန်ခြင်း တူညီသည်ဟု ညီနောင်သုံးဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ ၂၇ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည် (မြောက်ပိုင်း) တခွင်နှင့် ရက္ခိုင်ပြည်တို့တွင် ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ကြပြီးနောက်တွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ၊ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်၊ ချင်းပြည်၊  ကရင်ပြည်၊ ကချင်ပြည် အစရှိသည့်တိုင်းများတွင်ရှိသည့် တော်လှန်ရေးအင်အားစု အသီးသီးက ၁၀၂၇ စစ်ဆင်ရေးနှင့် ဟန်ချက်ညီ စစ်ဆင်ရေးများ ဆင်နွှဲခဲ့ကြသကဲ့သို့ ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ကြီးများတွင်ပါ စစ်‌ကောင်စီတပ်များကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ကြသည်။

 

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ (၂၇) ရက်နေ့မှ ဒီဇင်ဘာ (၂၇) ရက်နေ့အထိ စစ်ဆင်ရေး နှစ်လတာ အတွင်း  စစ်ကောင်စီသည် နိုင်ငံတဝန်းတွင် မြို့ကြီးများ အပါအဝင် မြို့ပေါင်း (၂၀) ကျော်၊ အခြေစိုက်စခန်းပေါင်း (၄၀၀) နီးပါးအထိ လက်လွှတ်ထားရပြီလည်းဖြစ်သည်။

 

တော်လှန်ရေးအင်အားစုများဘက်ကလည်း သိမ်းပိုက်ထားနိုင်သည့် မြို့များတွင် အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်နိုင်ရန်ကြိုးပမ်းနေပြီး ကောလင်းမြို့တွင်ဆိုလျှင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ နွေဦးဘဏ် ပထမဆုံးမြေပြင်ဘဏ်ခွဲကိုပါ ဖွင့်လှစ်ထားနိုင်ပြီဖြစ်သည်။

 

စစ်ကောင်စီတပ် ယခုကဲ့သို့ အထိနာနေပြီး စစ်ကောင်စီတပ်ကို တော်လှန်သည့်အဖွဲ့အစည်းများ တစ်ရက်ပြီးတစ်ရက် များပြားလာခြင်းသည်  မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသောဆန္ဒကို ပြည့်ဝရန် နီးစပ်လာခြင်းပင်ဖြစ်သည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

 

ယခုတစ်ကြိမ်၊ ယခုလက်ရှိ အခွင့်အရေးကို အမိအရ ရယူပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဆန္ဒကို ပြည့်ဝစေရန် လာမည့်နှစ်သစ်တွင် ယခုထက်အားစိုက် ကြိုးပမ်းကြရန်ကိုလည်း ၁၀၂၇ စစ်ဆင်ရေး၏ နှစ်လပြည့်နေ့တွင် အထူး အလေးအနက်တိုက်တွန်းလိုက်ပါသည်ဟူ၍လည်း ဆက်လက်ဖော်ပြထားသည်။

 

ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး နှစ်လတာကာလအတွင်း အသက်ပေးဆပ် စွန့်လွှတ်ခဲ့ကြသောသူများကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်ဟုလည်း ဆိုထားသည်။

 

ပုံစာညွှန်း – ကိုးကန့်၊ နန့်ဆလပ်ဒေသရှိ စခန်းကုန်းများမှ သိမ်းဆည်းရမိသော ဟောင်ဝှစ်ဇာအမြောက်နှင့်အတူ  ညီနောင်ပူးပေါင်းတပ်ဖွဲ့များအား မြင်ရပုံ

 

ဓာတ်ပုံ – The Kokang