စစ်ကိုင်းမြို့နယ်တွင်း မာလဲတောရွာရှိ ပျူစခန်းအား PDF များ က ထိန်းသိမ်းရယူ

Author မင်းထက်
Categories
Published on Dec 27, 2023

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားရာ  မာလဲတောကျေးရွာ ပျူစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ ထိန်းသိမ်းရယူနိုင်ခဲ့သည်ဟု Phoenix – SGG တာ၀န်ခံ မှ CJ Platformသို့ ပြောသည်။

မာလဲတောရွာအား ဒီဇင်ဘာလ ၂၃ ရက်နေ့ ၂ နာရီခွဲအချိန်တွင် ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများက ပြန်လည်ခုခံခြင်းမပြုလုပ်ဘဲ ထွက်ပြေးသွားကြောင်း ၊ ယခုအခါတွင် ပြည်သူ့ကာကွယ်ရေးတပ်သားများက ၄င်းရွာအား ရယူထားကြောင်း သိရသည်။

 

“သူတို့က တိုက်ပွဲမဖြစ်ဘဲ စခန်းစွန့်ပီး ပြေးတာဗျ။ PDF တွေ ထိမ်းသိမ်းရယူထားတဲ့ ပျူရွာအဖြစ် စစ်ကိုင်းမြို့နယ်မှာ ပထမဆုံးပါပဲ ” ဟု အထက်ပါ တာ၀န်ရှိသူကဆိုသည်။

၄င်းရွာအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ စစ်သား နှင့်ပျူများနေထိုင်သော ဘန်ကာ ၁၆ ခုနှင့် ဗုံးခိုကျင်း ၆ ခုတို့အား ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

 

စီးနင်း၀င်ရောက်ခဲ့ရာတွင် Phoenix -SGG ၊ စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း ၊ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ ၊ Royal Falcon Guerrilla Force ၊ Fright For Federal ၊ Young Wolf နှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပါ၀င် လုပ်ဆောင်ခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်လာခဲ့သည်။

ယခုကဲ့သို့သော မစ်ရှင်များ ဆက်လုပ်ဆောင်ကာ အောင်ပွဲများ ရယူနိုင်ရန်အတွက် ပြည်သူ လူထုအနေဖြင့် ထောက်ပံ့မှုများ လုပ်ဆောင်ပေးခြင်းဖြင့် ကူညီပေးကြပါရန် Phoenix – SGG တာ၀န်ခံ က တောင်းဆို​ထားသည်။