နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၆၀) ကျော် သေဆုံးကာ (၆၄) ဦးကျော် ဖမ်းဆီးခံရ၊ ဟောင်ဝစ်ဇာအမြောက်လေးလက်နှင့် လက်နက်မျိုးစုံ အမြောက်အမြားသိမ်းဆည်းရမိဟု TNLA ဆို

Author အဂ္ဂ
Categories
Published on Dec 18, 2023

ရှမ်းပြည်(မြောက်ပိုင်း) ရှိ နမ့်ဆန်မြို့ကို တအာင်းတပ်မတော်(TNLA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မြို့သိမ်းတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်သား (၆၀) ကျော် သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ဦး အပါ မိသားစုဝင် (၃) ဦး၊ ရဲတပ်ဖွဲ့ဝင် (၆) ဦး အပါ မိသားစုဝင် (၂၅) ဦး၊  စုစုပေါင်း (၆၄) ဦး အား ဖမ်းဆီးရမိခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

နမ့်ဆန်မြို့ကို တအာင်းတပ်မတော် (TNLA) က ဒီဇင်ဘာ (၁၀) ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး  စစ်ဆင်ရေး ခြောက်ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာ (၁၅) ရက်နေ့တွင် စစ်ကောင်စီတပ်၏ တပ်စခန်းကြီး၊ စစ်ကောင်စီပိုင် လက်ဘက်ခြောက်စက်ရုံ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာရုံးများ အားလုံးအား အပြီးသတ် သိမ်းပိုက် ရရှိခဲ့သည်ဟု သိရသည်။

နမ့်ဆန်မြို့တွင် အခြေချထားသော တပ်စခန်းများသည် စစ်ကောင်စီ၏ ထောက်ပို့တပ် အမှတ် (၆၂၆/၉၂၉) အခြေချစခန်းများနှင့် စစ်ရေးအရ ဗျူဟာကျသည့် တပ်စခန်းများဖြစ်ပြီး ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) နှင့် ၎င်း၏ လက်အောက်ခံတပ်ဖြစ်သည့် ခလရ (၂၅၈) မှ လာရောက်အခြေချကွပ်ကဲသည့် တပ်စခန်းကြီး၊ တပ်စခန်းငယ်များဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီ၏ စခန်းကြီးငယ်များကို တအာင်းတပ်မတော်(TNLA) က သိမ်းယူနိုင်ပြီးသည့်နောက်တွင် စစ်ကောင်စီ၏  ဟောင်ဝစ်ဇာ အမြောက် (၄)လက်၊လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

နမ့်ဆန်မြို့နယ်သည်  နောက်ဆုံး စော်ဘွား စဝ်ခွန်ပန်းစိန်အထိ တအာင်းစော်ဘွားများ အဆက်ဆက် နန်းစံလာခဲ့သည့် မြို့ဖြစ်ပြီး ၁၉၅၉ ခုနှစ် မတ်လ ၂ ရက်တွင် စစ်တပ်၏ အာဏာသိမ်းခြင်းခံရသည်အထိ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့သည့် (Taung Paing State ) နန်းစိုက်ရာ မြို့တစ်မြို့ဖြစ်သည်ဟု သိရသည်။

 

နှစ်ပေါင်း ( ၆၄) နှစ်ကြာ အာဏာရှင်၏ အုပ်ချုပ်အောက်တွင် ကျရောက်ခဲ့သော နမ့်ဆန်မြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ (၃) နာရီ (၃၀)မိနစ် အချိန်တွင် အာဏာရှင် စစ်ကောင်စီထံမှ အလုံးစုံ ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ၂၇၁၅ ခုနှစ် တအာင်းနှစ်သစ်တွင် မူလပိုင်ရှင် တအာင်းပြည်သူတို့၏ လက်ဝယ်ထံ ပြန်လည်အပ်နှံ ပေးနိုင်ခဲ့ပြီး ဖြစ်သည် ဟုလည်း တအာင်းတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့မှ ဒီဇင်ဘာ (၁၇) ရက်နေ့အထိ စစ်ဆင်ရေး (၅၂) ရင်တာအတွင်း တအာင်းတပ်မတော်သည် ရှမ်းမြောက်တခွင်ရှိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၆၀) ကျော်ကို သိမ်းပိုက်ထားနိုင်ပြီး တအာင်းစော်ဘွားအဆက်ဆက် စိုးစံလာခဲ့ရာမြို့ဖြစ်သည့် နမ့်ဆန်မြို့ကိုလည်း အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ ထို့အပြင် နမ့်ခမ်းမြို့နေရာ အားလုံးနီးပါးကိုလည်း ထိန်းချုပ်ထားနိုင်ပြီး အလုံးစုံထိန်းချုပ်နိုင်ရန်အတွက် စစ်ရေးအရ အရေးပါသည့် စခန်းသစ်ဗျူဟာကုန်းကို အပြင်းအထန် ထိုးစစ်ဆင်နေသည့်အတွက် နမ့်ခမ်းမြို့နယ်တွင် တိုက်ပွဲများပြင်းထန်လျက်လည်းရှိသည်။

 

ဓာတ်ပုံ – PSLF/TNLA