နိုင်ငံတစ်ဝန်း ဆီများပြတ်လပ်နေချိန် ပဲခူးနှင့် ကျောက်ဆည်တို့တွင် ဆီသယ်ယာဥ်များ တိမ်းမှောက်

Author လဂွန်းအိမ်
Categories
Published on Dec 08, 2023

လောင်စာဆီပြတ်လပ်မှု မြင့်မားနေချိန် ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့တွင် ကျောက်ဆည်မြို့တွင် ဆီဘောက်ဆာတစ်စီး မီးလောင်မှုဖြစ်သွားပြီး ပဲခူးတိုင်း ပဲခူးမြို့တွင်လည်း ဆီဘောက်ဆာတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာမီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးမြို့ နန်တော်ကုန်းကျေးရွာ အနီး ပဲခူးမြို့ရှောင်လမ်းပေါ်၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် လောင်စာဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်သည့် သတင်းအရ ပဲခူးမြို့ခရိုင်မီးသတ်၊ မြို့နယ်မီးသတ်၊  နယ်မြေမီးသတ်တို့မှ မီးသတ်ကားများဖြင့် မီးလောင်မှု မဖြစ်ပွားစေရေး အအေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ကျောက်ဆည်မြို့ မြို့ရှောင်လမ်းတွင်လည်း ဆီသယ်ယာဉ်တစ်စီး ယနေ့နံနက် ၈ နာရီအချိန် နောက်တွဲပြုတ်ကျကာ မီးလောင်ခဲ့ပြီး ကျောက်ဆည် ခရိုင်၊ မြို့နယ် မီးသတ်ဦးစီးနှင့် စဉ့်ကိုင်၊ တံတားဦး၊ ဘယ်လင်း နယ်မြေမီးသတ်စခန်းများမှ မီးသတ်ယာဉ် ရေသယ်ယာဉ်များဖြင့် မီးငြိမ်းသတ်ခဲ့ပြီး နံနက် ၉ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် နိုင်ငံအနှံမြို့များတွင် စက်သုံးဆီပြတ်လပ်လျက်ရှိပြီး စက်သုံးဆီအား တန်းစီဝယ်နေရလျက်ရှိရာ အချို့နေရာများတွင် ခိုက်ရန်ဖြစ်ပွားခြင်းများပင် ရှိနေသည့်အချိန် ယခုကဲ့သို့ ဆီသယ်ယာဉ်များ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့