စစ်ကောင်စီမှ စခန်းစွန့်ခွာ ထွက်ပြေးသည့် တပ်သားများကို လေကြောင်းမှ လိုက်လံတိုက်ခိုက်သဖြင့် တော်ဝင်ဒေါင်းစစ်ကြောင်းမှ ကူညီကယ်ဆယ်ခဲ့ရ

Author CJ Platform
Categories
Published on Dec 08, 2023

ပဲခူးတိုင်း၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ (မူး)မုန်း မြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီစခန်းများမှ စွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား စစ်ကောင်စီမှ လေကြောင်းဖြင့် လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် Royal Peacock(တော်ဝင်ဒေါင်း) စစ်ကြောင်း မှ ကယ်ဆယ်ခဲ့ရကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးမှ CJ Platform သို့ပြောဆိုသည်။

ဒီဇင်ဘာ (၂)ရက်နေ့ ညပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ပူးပေါင်း PDFတပ်ဖွဲ့များ နှင့် မဟာမိတ် တပ်ဖွဲ့များမှ မူး(မုန်း)မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းများဖြစ်သော ခလရ(၅၉၉)၊ ခလရ(၅၉၀)၊ ခလရ(၈၄)၊ မူး(မုန်း)မြို့မှ ရဲစခန်း နှင့် တံတားထိပ်စခန်း တို့အား စတင်တိုက်ခိုက်ကာ ဒီဇင်ဘာ (၄)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်ခန့်တွင် စခန်းအားလုံးအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မှ တရားဝင် ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း စစ်စခန်းများအား စွန့်ခွာကာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား KNLA နှင့် ပူးပေါင်း မဟာမိတ် တပ်ဖွဲ့များမှ နယ်မြေလိုက်လံ ရှင်းလင်းစဉ်အတွင်း ယခုကဲ့သို့ စစ်ကောင်စီမှ ၎င်း၏ တပ်သားများအပေါ်  လေကြောင်းမှ လိုက်လံပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် လက်နက်ချကာ ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆုံးဖြတ်ခဲ့သည့်အတွက် ကူညီကယ်ဆယ်ရခြင်း ဖြစ်ကြောင်း သိရသည်။

“မုန်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲတုန်းက လက်နက်ချတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေပါ KNU ကနေ အရေအတွက်တွေ ဖော်ပြပေးထားပါတယ်။ ကျွန်တော်တို့က တူတူပါပဲ။ စစ်အင်အားဖြစ်တာအတွက် ကျွန်တော်တို့ တပ်ရင်းတစ်ခုထဲရဲ့ ကိန်းတွေ တိကျမှုရှိမှာမဟုတ်ဘဲ ကျွန်တော်တို့စစ်ဒေသရဲ့ စုစုပေါင်းအရေအတွက်တွေ ထုတ်ပြန်ပေးထားပါတယ်”ဟု  တော်ဝင်ဒေါင်းစစ်ကြောင်း ၏ တာဝန်ရှိသူတစ်ဦးမှ CJ Platform သို့ ပြောကြားသည်။

ကရင်အမျိုးသားအစည်း(K.N.U)၏ မူး(မုန်း)မြို့ စခန်းသိမ်းတိုက်ပွဲများအတွက် ထုတ်ပြန်ချက်တွင် စစ်ကောင်စီ ဘက်မှ တပ်သား (၁၉) ဦးနှင့် တပ်မိသားစုဝင် (၄၂)ဦး  မှာ လက်နက်ချ၍ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကာ လိုအပ်သော စီမံမှုများ ပြုလုပ်မည်ဟု လည်းကောင်း၊ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ငယ် ရာချီ အပါအဝင် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

 

ဓာတ်ပုံ – တော်ဝင်ဒေါင်းစစ်ကြောင်း

 

(သတင်းမှတ်တမ်း ရုပ်သံအား CJ Platform ၏ Telegram တွင် ဝင်ရောက် ကြည့်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်)