မူး(မုန်း) မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား KNU ထုတ်ဖော်ပြသ

Author CJ Platform
Categories
Published on Dec 07, 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေ ၊ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ (မုန်း) မြို့နယ် အတွင်း  စစ်ကောင်စီတပ်စခန်းများမှ  သိမ်းပိုက်ရရှိခဲ့သော လက်နက်ခဲယမ်းများအား ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ယမန့်နေ့ ဒီဇင်ဘာ (၆)ရက် ညနေပိုင်းတွင် ထုတ်ဖော်ပြသလာသည်။

မူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းများ ဖြစ်သော ခမရ- ၅၉၀၊ ခမရ-၅၉၉၊ ခလရ-၈၄ တပ်စခန်းတို့အား ဒီဇင်ဘာ (၄)ရက် ညနေ (၅)နာရီ ခွဲ အချိန်တွင် KNLA နှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ-၈၄ တပ်မှ စစ်ကောင်စီ တပ်သား(၁၉)ဦးနှင့် အတူ တပ်မိသားစုဝင် (၄၂) ဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးကာ လက်နက်ခဲယမ်း အမြောက်အမြားအား သိမ်းဆည်းရမိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက် အတွင်း ဖော်ပြသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများမှာ MA-1/ MA-3စီးရီး အလက် (၁၅၀)ခန့်၊ MA-4 (၁၀)လက် ခန့်၊ MA စက်လက် (၁၂)လက်ခန့် ၊ ငါးကြင်းမြီး စက်လက် ( ၂)လက် ၊ ၄၀ မမ ပြောင်း (၂)ခု၊ ၆၀ မမ ပြောင်း(၁) ခု၊ ၈၀ မမ ပြောင်း (၂) ခု ၊ ၀.၅ ကျည်သုံး M2 Browning စက်လက်ကြီး ၂ လက် ၊ တာဝေးပစ် ဒုံး (၂) လက် ၊ RPG (၅)လက်ခန့် ၊ RPG 7 ကျည်ဖူး (၂၀၀)ခန့်၊ တာဝေးပစ်ဒုံး ကျည်ဖူးငယ် (၃၀) ခန့် တို့ ဖြစ်သည် ။

 

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား ထိန်းသိမ်းမှုနှင့် ပတ်သက်၍ “ကျွန်တော်တို့ ဟိုနေ့ကမိတဲ့ စစ်သုံ့ပန်း တွေတော့ ဘယ်သူမှ ထိလို့မရဘူး တောင်ပိုင်းရဲ့အရင်ဆုံးသိမ်းတဲ့ ဟာဖြစ်နေတော့ လူကြီးတွေက လုပ်ခွင့်မပေးဘူး ဟိုနေ့က ၅၉၀ ကနေ ၅၉၉ လက်ကို ထွက်ပြေးလာတဲ့ သူတွေ ဖမ်းမိတာလည်း ရှိတယ်” ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော် တစ်ဦးမှ CJ Platform သို့ပြောကြားသည်။

 

ယခုအခါ မူး(မုန်း)မြို့နယ် အတွင်း၌ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ လက်မှ တပ်ဖွဲ့အင်အား (၁၅၀၀) ခန့် အသုံးပြုကာ နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး တပ်စခန်းများမှ စွန့်ခွာ ထွက်ပြေးခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့သည် အညံ့ခံ၍  ပြည်သူ့ရင်ခွင်ခိုလှုံရန် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ချိတ်ဆက် လုပ်ဆောင်မှုများ ရှိနေကြောင်း တိကျသော မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

ဓာတ်ပုံ- KNU