မကွေးတိုင်း၌ တစ်လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးပြီး PDF သုံးဦးကျဆုံး

Author မင်းထက်
Categories
Published on Dec 06, 2023

မကွေးတိုင်း၊ ဂန့်ဂေါနှင့် ပခုက္ကူခရိုင်အတွင်း နိုဝင်ဘာလတစ်လတာအတွင်း ဖြစ်ပွားခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ၂၈ ကြိမ်အတွင်း စစ်ကောင်စီတပ်သား ၃၄ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦးကျဆုံးကြောင်း အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ထုတ်ပြန်သည်။

 

နိုဝင်ဘာလအတွင်း ဂန့်ဂေါခရိုင်အတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်တွင် ထီးလင်းမြို့နယ်၌ ၁ ကြိမ်နှင့် ဂန့်ဂေါမြို့နယ်၌ ၉ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သည့်အပြင် ၁၅ ဦး ဖမ်းမိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုတိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၁၃ ဦး ထိခိုက်ခဲ့ပြီး စစ်ကောင်စီထံမှ မိုင်း ၃၆ လုံး၊ ဗုံး ၅၁ လုံး၊ လက်နက် ၂၂ လက်နှင့် ကျည် ၆၂၀၀ တောင့်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ပခုက္ကူခရိုင်အတွင်း ရေစကြိုမတွင် တစ်ကြိမ်၊ မြိုင်တွင် နှစ်ကြိမ် ၊ ဆိပ်ဖြူတွင် လေးကြိမ်၊ ပခုက္ကူတွင် ၁၁ ကြိမ်ဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်သား ၃၀ ဦးကျော်သေဆုံးပြီး ၂၄ ဦးထိခိုက်ခဲ့ကာ တော်လှန်ရေးရဲဘော် လေးဦး ကျဆုံးသည့်အပြင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မကွေးတိုင်းကွပ်ကဲရေးရုံးက ဖော်ပြထားသည်။

 

ပခုက္ကူခရိုင် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ  ဗုံးသီး ကိုးလုံး၊ လက်နက် တစ်လက်နှင့် ကျည် ၃၂၀ တောင့်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ယင်းကွပ်ကဲရေးရုံးထံမှ သိရသည်။

ဓာတ်ပုံ – အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းကွပ်ကဲရေးရုံး