မိုင်းဝီးနှင့် မိုင်းလုံတပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်၊ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ဟု TNLA ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Dec 06, 2023

ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမဆုတ်တမ်းခံစစ်စခန်းနှင့် နမ့်ခမ်းမြို့နယ်ရှိ မိုင်းဝီးတပ်စခန်းတို့ကို ယမန်နေ့(ဒီဇင်ဘာ ၅ ရက်)က သိမ်းယူနိုင်ခဲ့သည်ဟု တအာင်းတပ်မတော် (TNLA)က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမဆုတ်တမ်းခံစစ်စခန်းကို တအာင်းတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ တပ်ပျက်ပြီး  ကစဉ့်ကလျားထွက်ပြေးသဖြင့် ယမန်နေ့ ည (၈) နာရီတွင်  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများအပါအဝင် လက်နက် (၁၃) လက်နှင့်  စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

နမ့်ခမ်းမြို့နယ်ရှိ မိုင်းဝီးတပ်စခန်းကိုမူ ဒီဇင်ဘာ (၂) ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး‌ ငါးရက်ကြာပြီးနောက် ယနေ့ (ဒီဇင်ဘာ ၆ ရက်) သန်းခေါင်ယံ (၁) တစ်နာအချိန်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး ၆၀ မမ လက်နက်ကြီးအပါအဝင်  လက်နက် (၁၀) လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုပါ ရှင်းလင်းသိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တအာင်းတပ်မတော်သည် ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက ရှမ်းမြောက်တခွင်ရှိ အခြေစိုက်ရာ ဒေသများတွင် စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ (၂၇) ရက်မှ ယနေ့ (ဒီဇင်ဘာ ၆ ရက်)အထိ စစ်ဆင်ရေး (၄၁) ရက်တာကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၅၃) ခုကို ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သလို နမ့်ခမ်းမြို့ကိုပါ ထိန်းချုပ်ထားနိုင်ပြီလည်းဖြစ်သည်။

 

ဓာတ်ပုံ – The Ta’ang Post