စစ်ကောင်စီ ဗျူဟာကုန်း(၁)ခုနှင့် ယာယီစခန်းကုန်း (၁)ခုတို့ ညီနောင်သုံးဖွဲ့ ထပ်သိမ်း၊ စစ်သုံ့ပန်းနှင့် လက်နက်များသိမ်းဆည်းရမိ

Author CJ Platform
Categories
Published on Dec 06, 2023

ရှမ်းပြည်(မြောက်ပိုင်း) “၁၀၂၇” စစ်ဆင်ရေးသည် “Nationwide”အဖြစ်ကူးပြောင်းပြီးနောက် စစ်ကောင်စီ၏ အရေးကြီး ဗျူဟာကုန်းတစ်ခုနှင့် စခန်းငယ်တစ်ခုတို့ကို နှစ်ရက်အတွင်း ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဒီဇင်ဘာ (၄) ရက်က ရခိုင်ပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ အရေးကြီး မဟာဗျူဟာကုန်းဖြစ်သည့် “တရွန်အိုင်ဗျူဟာကုန်း”ကို ရက္ခိုင့်တပ်တော် (AA)မှ လည်းကောင်း၊ ဒီဇင်ဘာ (၅) ရက်နေ့တွင် လောက်ကိုင်မြို့အနီး လေးမျက်နှာဘုရားပေါ်ရှိ စခန်းငယ်ကို ကိုးကန့်တပ် MNDAA က လည်းကောင်း သိမ်းပိုက်ရရှိခဲ့သည်။

 

စစ်ရေးအရအရေးပါသည့် တရွန်အိုင်ဗျူဟာကုန်းကို နိုဝင်ဘာ (၁၄)ရက် နံနက် (၆)နာရီခန့်မှစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗျူဟာကုန်းမကျစေရေး လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ၊ ဓာတုဓာတ်ငွေ့ဗုံးများဖြင့် မရေမတွက်နိုင်အောင် နေ့စဉ်ရက်ဆက် စစ်ကူပေးခဲ့ရသည်။

 

စစ်ကောင်စီ၏ ရဟတ်ယာဉ်(၂)ကွင်းပါသော ဗျူဟာကုန်း မကျစေရေး ကြိုးပမ်းခုခံစစ်ကြောင့် ရက္ခိုင့်တပ်တော် (AA)ဘက်မှ ရက်ပေါင်း(၂၁)ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ပြီးခဲ့သည့် ဒီဇင်ဘာ (၄)ရက် နေ့လယ် (၁)နာရီတွင်မှ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆိုသည်။

 

ထိုဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှ ရန်သူ့အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်များကို သိမ်းပိုက်ရရှိခဲ့ကြောင်း ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ထို့​ပြင် ကိုးကန့်တပ်မတော်(MNDAA)က လောက်ကိုင်မြို့၊ တုန်ချိန်ရပ်ကွက် အပြင်ရှိ တာရင်တောင်၊ ရှောက်ရင်တောင်ရှိ လေးမျက်နှာဘုရားပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ယာယီဗျူဟာကုန်း တပ်စခန်းကို (၃)ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

 

ထို့​ပြင် ယင်းနေ့ ည(၁၁)နာရီခန့်တွင် ကိုးကန့်တပ်က ကိုးကန့်၊ ရှီရှမ်းဒေသ၊ ရှောက်ကိုင်ကြည်လမ်းခွဲ၌ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(စကခ)(၁၆)၏ တပ်ခွဲမှူးကို ရှင်းလင်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်အဖွဲ့ဝင် စုစုပေါင်း(၇) ယောက်ကို လက်နက်ခဲယမ်းများနှင့်တကွ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်သုံ့ပန်းဥပဒေများအရ ထိန်းသိမ်းထားကြောင်း MNDAA က ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီဘက်မှ အရေးကြီး စစ်ဗျူဟာကုန်း(၂)ခု ကို ဆုံးရှုံးပြီးနောက် ပြည်သူများနေထိုင်ရာ ကျေးရွာများနှင့် ရပ်ကွက်များအတွင်းသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ပြည်သူများ ထိခိုက်ဒဏ်ရာရှိမှုများရှိခဲ့သလို လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှုကြောင့် ရခိုင်ရှိ ကျေးရွာအချို့မှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

 

ညီနောင်သုံးဖွဲ့မှ “၁၀၂၇ စစ်ဆင်ရေး”တိုက်ပွဲများ ဆက်လက်စစ်ရေး ဖော်ဆောင်မှုများကြောင့် ရှမ်းပြည်(မြောက်ပိုင်း) လောက်ကိုင်မြို့အနီး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် ကိုးကန့်တပ်(MNDAA) ၊ တအာင်းတပ် (TNLA)တို့နှင့် စစ်ကောင်စီတပ်များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့တွင်လည်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ဓာတ်ပုံ- AA Info