ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါဝင်သည့် ထရွန်အိုင်ဗျူဟာ စခန်းကုန်းကြီးတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ပြီဟု ရက္ခိုင့်တပ်တော် ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Dec 05, 2023

ရက္ခိုင်ပြည် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်များ အခိုင်အမာ အခြေချနေရာယူထားသည့် ထရွန်အိုင်ဗျူဟာ စခန်းကုန်းကြီးကို (၂၁) ရက်တိတိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးသည့်နောက်တွင် ထိုက်သင့်သော ပေးဆပ်မှုများနှင့် အတူ အပြီးသတ် ချေမှုန်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပြီဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့ ဒီဇင်ဘာ ၅ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အနီးအနားရှိ ပြည်သူလူထုများကို လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ဒုက္ခပေးနေခဲ့သော အဆိုပါ စခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ (၁၄) ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ (ဒီဇင်ဘာ ၄) နေ့လယ် (၁) နာရီ (၄) မိနစ် အချိန်ခန့်တွင် စခန်းကုန်းကြီးတစ်ခုလုံးကို အပြီးသတ် ချေမှုန်းတိုက်ခိုက် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူနှင့် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများဖြင့် နေ့စဉ်ရက်ဆက် နေ့ရောညပါ ပစ်ခတ်တိုက်ခိုက်သည့်ကြားမှ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ရုပ်အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းတို့ကို သိမ်းဆည်းရသည်ဟု သိရသည်။

 

ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသည့် ထရွန်အိုင်ဗျူဟာ စခန်းကုန်းသိမ်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် (AA)  ဘက်မှလည်း အသက်၊ ခန္ဓာများ ပေးဆပ်ခဲ့ရသည့် ရဲဘော်များရှိပြီး အဆိုပါ ရဲဘော်များနှင့် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသည့် စစ်သည်တော်များကိုလည်း လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

 

လက်ရှိတွင်လည်း ထရွန်အိုင်ဗျူဟာစခန်းကုန်းနည်းတူ စစ်ရေးအရအရေးပါသည့် နှုံးဘူးဗျူဟာကုန်းကိုလည်း နိုဝင်ဘာ (၁၄) ရက်နေ့ကတည်းက ထိုးစစ်ဆင်ကာ  ထပ်မံသိမ်းပိုက်နိုင်ရန်ကိုလည်း ဆက်လက် ကြိုးပမ်းနေပြီး ပေါက်‌တောမြို့ တိုက်ပွဲတွင်လည်း စစ်ရေးပြင်းထန် တင်းမာလျက်ရှိသည်ဟုလည်း သိရသည်။

 

ရက္ခိုင်ပြည်တွင် တစ်နှစ်နီးပါးအထိ အပစ်ရပ်စဲထားရာမှ ၁၀၂၇ စစ်ဆင်ရေးဟု ဆိုကာ နိုဝင်ဘာ (၁၃) ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က တကျာ့ပြန် စစ်ပွဲများပြန်လည် စတင်ကာ စစ်ကောင်စီ တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေး (၂၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း (၄၄) ခုထက်မနည်း သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့သလို စစ်ရေးအရအရေးပါသည့် ထရွန်အိုင်ဗျူဟာကုန်းကိုပါ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသည့် ရက္ခိုင်ပြည်အနှံ့အပြားတွင်လည်း စစ်ရေးပြင်းထန် တင်းမာလျက်ရှိသည်ဟုလည်း သိရသည်။