ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ်ကြီးတစ်ဦး အပါအဝင် ငါးဦးထက်မနည်းသေဆုံး

Author လဂွန်းအိမ်
Categories
Published on Dec 05, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဘီးလင်းမှ ရန်ကုန်ဘက်သို့ ထွက်လာသော စစ်ကောင်စီ ယာဉ်တန်းကို ယမန်နေ့ (ဒီဇင်ဘာ ၄ ရက်)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ငါးဦးထက်မနည်း သေဆုံးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ထုတ်ပြန်သည်။

 

ယင်းမြို့နယ် မရမ်းချောင်းလမ်းကွေ့တစ်ခုတွင်  ယာဉ် ၇ စီးပါ စစ်ကောင်စီယာဉ်တန်းကို လက်လုပ်မိုင်းအကြီး နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KRF က ဆိုသည်။

 

ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက ယာဉ်တန်းသွားရာ လမ်းကြောင်းတစ်လျှောက် လက်နက်များဖြင့်  တရစပ်ပစ်ခတ်သကဲ့သို့ စစ်တောင်းတံတားဂိတ်နှင့် မုပ္ပလင်လမ်းဆုံဂိတ်တို့မှ လက်နက်ကြီးများဖြင့် ဦးတည်ရာမဲ့ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုတိုက်ခိုက်အတွင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုများဘက်က ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ငါးဦး သေဆုံးခဲ့သည့်အပြင် ခြောက်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း တပ်တွင်းသတင်းအရင်းထံမှ သိရှိရကာ  ဒဏ်ရာရရှိသူများလည်း သေဆုံးနိုင်ဖွယ်ရှိကြောင်း KRF ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ကျိုက်ထိုတော်လှန်ရေးတပ်ပေါင်းစုများသည် ဒီဇင်ဘာလ (၃) ရက်နေ့ကလည်း မုပ္ပလင်လမ်းဆုံ ရဲဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရာရှိ တစ်ဦး၊ တပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦးသေဆုံးခဲ့ပြီး ရဲနှစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – Kyaikhto Revolution Force (KRF)