ပွင့်ဖြူ-ရှောက်တောဂိတ်ရှိ ယာဥ်ထိန်းရဲများကို မိုင်းဆွဲတိုက်ခိုက်

Author မင်းထက်
Categories
Published on Dec 05, 2023

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပွင့်ဖြူ-စလင်းကားလမ်းပိုင်း ပွင့်ဖြူ-ရှောက်တောတံတားဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသည့် ယာဉ်ထိန်းရဲများအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် – ၇ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ ဒီဇင်ဘာလ (၄) ရက် နံနက် (၉) နာရီခန့်တံသ် အဆိုပါယာဥ်ထိန်းရဲများသည် မုန်းချောင်းကို ဖြတ်ထိုးထားသော ရှောက်တောတံတားအနီး ပွင့်ဖြူ-ရှောက်တောတံတားဂိတ်သို့ ရောက်ရှိလာချိန်တွင် အသင့်ထောင်ထားသော ချိန်ကိုက်မိုင်း တစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

 

“အရပ်ဝတ်ရဲ သုံးယောက်လောက်နဲ့ ယာဉ်ထိန်း ၁၀ ယောက်လောက်ရှိနေခဲ့တာဗျ။ ရှိနေခဲ့တာဆိုတာထက် သူတို့ Surprise check လုပ်ဖို့လာတဲ့အချိန်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဗျ။ အရပ်ဝတ်ရဲတွေကတော့ အဲဒီနေရာကို ကြိုရောက်နေခဲ့တယ်လို့ ပြောလို့ရတယ်ဗျ။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲပါခင်ဗျ” ဟု မင်းဘူးခရိုင်အမှတ် – ၇ တပ်ရင်း ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ ယာဥ်ထိန်းရဲများသည် ပွင့်ဖြူ-ရှောက်တောတံတားကို အသုံးပြုသည့် ပြည်သူများကို မတရားဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

 

မိုင်းဆွဲခံရသော ယာဥ်ထိန်းရဲများရှိရာ တံတားနှင့် ပွင့်ဖြူမြို့အဝင်ရှိ စစ်ကောင်စီဂိတ်သည် အနည်းငယ်သာကွာဝေးသောကြောင့်  မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများက ဆိုင်ကယ် ၇ စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

 

“မြို့ထဲမှာက ရဲစခန်းနဲ့ ရုံးပေါင်းစုံမှာ သူတို့ရှိတယ်ဗျ။ မြို့ထဲကအထွက်ဆိုတော့ လာရင် ငါးမိနစ်လောက်ဆို တံတားကိုရောက်တယ်ဆိုတော့ ဆိုင်ကယ်ခုနှစ်စီးနဲ့ တစ်စီးနှစ်ယောက်နှုန်းနဲ့ ရောက်လာကြတယ်” ဟု ထိုမစ်ရှင်တွင် ပါဝင်ခဲ့သည့်ရဲ ဘော်တစ်ဦးက ဆိုသည်။

 

ယင်းတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်မှုတစ်စုံတရာဖြစ်ပေါ်ခဲ့ပါက တောင်းပန်အပ်ပါကြောင်း၊ ပွင့်ဖြူမြို့ရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်လက်အောက်ခံများ၊ အရပ်ဒေသပတ်ဝန်းကျင်က ဒလန်ဟု သတ်မှတ်ထားသော အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများ၊ လောင်းကစားဝိုင်းများအနီးတွင် နေထိုင်ခြင်းမှ ရှောင်ကျဉ်ကြရန် မင်းဘူးခရိုင် အမှတ် – ၇ တပ်ရင်းမှ အသိပေးထုတ်ပြန်သည်။

 

ပုံစာညွှန်း – မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာအား ကောင်းကင်မြေပုံများမှတဆင့် မြင်ရပုံ