ချောက်မြို့တွင် စစ်ကောင်စီ၏ မြို့တော်ဝန် ပစ်ခတ်ခံရပြီး သေဆုံး

Author မင်းထက်
Categories
Published on Nov 29, 2023

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ် (၉) ကင်မွန်းခြုံရပ်ကွက်၊ လမ်းမပေါ်တွင် ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်ဖြစ်ပြီး  မြို့တော်ဝန်အဖြစ် လုပ်ဆောင်နေသူအား ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း Chauk Guerilla Force မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယနေ့ နိုဝင်ဘာလ ၂၉ ရက် ညနေ ၃ နာရီ ၅ မိနစ် အချိန်တွင် ချောက်မြို့၊  စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်  မြို့တော်ဝန်  ဦးသန့်ဇင်ဦအား ချောက်မြို့တွင်း လမ်းမပေါ်၌ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

 

“ကျွန်တော်တို့ အနေနဲ့ အကြိမ်ကြိမ် သတိပေးပြီးပြီ ၊ သူက နယ်မြေအလိုက် စစ်ကြောင်းတွေကို သူကဦးဆောင်လွှတ်ပေးရတာ မျိုးတွေရှိတယ်၊ သူကမြို့တော်ဝန်ဆိုတော့ ညွှန်ကြားရတာမျိုးတွေရှိတယ် သူ့ရဲ့လက်အောက်ကနေ  စီးဆင်းရတဲ့ command တွေရှိတယ်လို့ ကျွန်တော်တို့ အတိအကျ သက်သေတွေ တွေ့ခဲ့ပြီးပြီ၊ ခိုင်လုံတဲ့သတင်း အရင်းမြစ်တွေကနေလဲ ရထားတယ်။ စစ်တပ်ကို ခိုင်မာတဲ့ ထောက်တိုင်အနေနဲ့ ပါ၀င်ပေးထားတယ် ၊ သူကိုယ်တိုင်က သူ့ရဲ့စီးပွားရေးပုံစံ မတရားအတိုးနဲ့ ပြည်သူကိုနှိပ်ကွပ်တယ်၊ ပြည်သူပိုင်ပစ္စည်းတွေ မတရားသိမ်းတာမျိုးတွေ ရှိတယ် ” ဟု Chauk Guerilla Force အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Chauk Guerilla Force – CGF ၊ ချောက်ပကဖ၊ မကွေးခရိုင်အမှတ် ၂ တပ် ရင်း နှင့် Burma Revolution Rangers အဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။