အာဏာသိမ်းပြီးနောက် အကြပ်တည်းဆုံးကာလနဲ့ ရင်ဆိုင်နေရတဲ့ ရန်ကုန်

Published on Nov 27, 2023

ရန်ကုန်ရဲ့လမ်းမတွေပေါ် အာဏာသိမ်းပြီးနောက် စစ်ကားခြေရာတွေထပ်နေခဲ့တာမှာ၊ အခုရက်ပိုင်းတွေ ပိုလို့စိပ်လာနေပါတယ်။ အာဏာသိမ်းအပြီး ဒီမိုကရေစီအရေးဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေပြုလုပ်ခဲ့ပြီးနောက် ရန်ကုန်မှာ စစ်သားတွေနေရာအနှံ့နေရာယူထားတာကို တွေ့မြင်ခဲ့ရတာပါ။

 

ဒါပေမဲ့ နှစ်ကြာလာချိန် လျော့ပါးသွားခဲ့ရာမှ လက်ရှိရန်ကုန်ရဲ့ လမ်းတွေထက် စစ်ဝတ်စုံ၊ ရဲဝတ်စုံအပြည့်နဲ့ လူတွေဟာ ဂိတ်တွေမှာတစ်မျိုး၊ လမ်းတွေထက် ကားကြီး၊ ကားငယ်တွေနဲ့တစ်ဖုံ မြို့နယ်အလိုက် အချိန်မခြားဘဲ လှည့်ပတ်နေကြတာကို မြို့ခံပြည်သူတွေအနေနဲ့ သတိမူမိကြမှာမလွဲပေ။

၁၀၂၇ စစ်ဆင်ရေးလို့အမည်တပ်ထားတဲ့ အောက်တိုဘာ ၂၇ ရက် ရှမ်းပြည်နယ်(မြောက်ပိုင်း)တခွင်နဲ့ စစ်ကိုင်း၊ ချင်းလိုနေရာတွေမှာ မြို့တွေအထိ လက်လွှတ်ခဲ့ရပြီးနောက်မှာ ရန်ကုန်လိုမြို့ကြီးပြကြီးတွေကို စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်ဖို့ကြိုတင်ခြေလှမ်းပြင်လာခဲ့တာဆိုရင် မမှားနိုင်ပါဘူး။ မြင်တွေ့နေကျ လက်နက်ကိုင်ထားသူတွေအပြည့်ပါတဲ့ ကားကြီး၊ ကားငယ်တွေအပြင် စစ်မြေပြင်မှာသာသုံးတဲ့ တင့်ကားနဲ့တောင် လုံခြုံရေးလှည့်မှုတွေ ပြုလုပ်နေကြပါတယ်။

 

ဒါကြောင့် ရန်ကုန်မြို့ခံတွေကြား အထူးစိုးရိမ်နေကြသလို အာဏာသိမ်းပြီးနောက် အကြပ်တည်းဆုံးအရေးနဲ့ ရန်ကုန်မြို့ခံတွေ ကြုံတွေ့ခံစားနေရတာဖြစ်ပါတယ်။

“စစ်သားစုဆောင်းရေးအသွင်ဆောင်လာတဲ့ လူဖမ်းမှုများ”

 

အဓိက စိုးရိမ်မှုအနေနဲ့ကတော့ မထင်ရင် မထင်သလို ဖမ်းဆီးတတ်တဲ့ စစ်ကောင်စီရဲ့ ကင်းလှည့်ကားတွေကြောင့်ပါပဲ။

 

“အရင်က ရိုးရိုးတန်းတန်းပဲပတ်တာဗျ။ အခုက ဆွဲ(ဖမ်း)ပါဆွဲနေတာ” လို့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုမိုး(အမည်လွှဲ)က ပြောပါတယ်။ သူ့သူငယ်ချင်းတွေ အဖမ်းခံခဲ့ရတာကို ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးဖြစ်တဲ့သူဟာ အခုလိုသူငယ်ချင်းတွေ ညဦးပိုင်းမှာတင် ဖမ်းဆီးခံရမှုကြောင့် သူ့အိမ်က ညဘက်ဆို အပြင်ပေးမထွက်တာမျိုးနဲ့ ကြုံတွေ့နေရပါတယ်။

 

“ပါသွားရင် ရင်ကျိုးရမှာစိုးလို့ ပေးမထွက်တာလို့ မိဘတွေက ပြောတယ်” လို့ ကိုမိုးက သူ့မိဘတွေပြောတာကို ပြန်ပြောပြပါတယ်။ ကိုမိုးလိုပဲ စစ်ကောင်စီရဲ့ဖမ်းဆီးခံရခြင်းကို မျက်မြင်ကြုံတွေ့ခဲ့ရသူ လှိုင်သာယာမြို့ခံတစ်ဦးကလည်း သူသိတာကို အခုလိုမျှဝေပါတယ်။

 

” အဆောင်ကကောင်လေးတစ်ယောက် ပါသွားတာ၊ သုံးသိန်းနဲ့ပြန်ခေါ်လာခဲ့ရတယ်။ မပေးနိုင်ဘူးဆို စစ်သင်တန်းကိုခေါ်မယ်ပေါ့။ အဲဒီလိုပြောတယ်။ ညဘက် ၈ နာရီနောက်ပိုင်း ကားနဲ့ပတ်နေတာ တွေ့တာနဲ့ ခေါ်သွားရောပဲ” လို့ ပြောပြလာပါတယ်။

 

ဆယ်ကျော်သက် ကိုမိုးတို့သူငယ်ချင် လေးယောက်အဖမ်းခံရတုန်းကတော့ တစ်ယောက် ၁၂၅,၀၀၀ နဲ့ အုပ်ထိန်းသူတွေက ပြန်ရွေးထုတ်ခဲ့ရတာပါ။

 

စစ်ကောင်စီက ဒီလိုဖမ်းဆီးမှုတွေကို အရင်ကတော့ လမ်းဘေးအရက်ထိုင်သောက်မှုအနေနဲ့ ညနက်မှ ဖမ်းဆီးခဲ့ကြတာပါ။ အခုတော့ ည ၇၊ ၈ နာရီအချိန်တွေမှာပဲ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ဖမ်းဆီးမှုတွေကို ပြုလုပ်နေတာပါ။

 

ရန်ကုန်မှာ ညမထွက်ရ အမိန့်ကို စစ်ကောင်စီက မနက် ၁ နာရီမှ ၃ နာရီအထိ သတ်မှတ်ထားပေမယ့် အခုလိုဖမ်းဆီးမှုတွေကြောင့် ရပ်ကွက်လမ်းများအတွင်း ည ၈ နာရီရောက်ရင် လူအသွားအလာ မရှိတော့ပေ။

“၈နာရီဆိုတာနဲ့ကို လမ်းထဲလူမရှိတော့ဘူး။ အရင်ရက်တွေကမှ ည ၉ နာရီ၊ ၁၀ နာရီဆိုလည်း လူမပြတ်ဘူး။ အခုရက်ပိုင်းတွေမှာကို လူတွေက ၈ နာရီလောက်ဆိုတာနဲ့ အပြင်မထွက်ကြတော့ဘူး ” လို့ ဈေးသည်တစ်ဦးက ဆိုပါတယ်။ သူဟာ ရန်ကုန်ရဲ့ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်တဲ့ လှိုင်သာယာမြို့နယ်က ဈေးသည်တစ်ဦးပါ။

 

” မုန့်တွေလည်း မကုန်ဘူးပေါ့။ အရောင်းအဝယ်က လူမရှိတော့ မကောင်းဘူး” လို့ သူက ဆက်လက်ရင်ဖွင့်လာတာပါ။

 

ယခုရက်ပိုင်းထဲ ရပ်ကွက်လမ်းထိပ်တွေမှာ လူငယ်တွေ အဖွဲ့လိုက်ထိုင်နေစဉ် စစ်ကောင်စီတပ်သားတွေဟာ ကားနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းတွေဟာလည်း ဒဂုံလေးမြို့နယ်အပါအဝင် လှိုင်သာယာ၊ ရွှေပြည်သာလိုဆင်ခြေဖုန်းမြို့တွေမှာ ခပ်စိပ်စိပ်ကြားသိနေရပါတယ်။

“တစ်ရပ်ကွက် လူ ၂၀”

 

ဒဂုံလေးမြို့နယ်အပါအဝင် လှိုင်သာယာ၊ ရွှေပြည်သာလိုဆင်ခြေဖုန်းမြို့တွေက အုပ်ချုပ်ရေးမှူးတွေကို တစ်ရပ်ကွက် လူ ၂၀ ဦး ဖမ်းပေးရမယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်လာနေပါတယ်။

 

ဒီသတင်းကြောင့် ရန်ကုန်မြို့ခံတွေအတွက် စိုးရိမ်မှုဒီဂရီ ပိုမြင့်တက်စေပါတယ်။

 

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်က အမည်မဖော်လိုတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူးတစ်ဦးက CJ Platform သတင်းဌာနကို အခုလိုပြောပြပါတယ်။

 

“ကျွန်တော်တို့ဆီကိုလူ ၂၀  ဖမ်းပေးရမယ်ဆိုပြီး တောင်းတယ်။ ဥက္ကဋ္ဌက ပေးလို့မရနိုင်ဘူးပြောတော့ ည ကိုးနာရီနောက်ပိုင်း သူတို့ဘာသာဖမ်းရင် ဝင်မပါဖို့ပြောတယ်။ တခြားရပ်ကွက်တွေလည်း အဲဒီလိုတောင်းတယ်တော့ ကြားထားတယ် ” လို့ ပြောလာပါတယ်။

 

ဒါ့အပြင် ရွှေပြည်သာမြို့နယ်က ရပ်ကွက်အချို့မှာလည်း အခုလိုသတင်းတွေထွက်ပေါ်နေသလို ရပ်ကျေးအဖွဲ့တွေအနေနဲ့ မဖမ်းပေးဘူးဆိုရင် သူတို့ဖမ်းဆီးတာတွေကို ဝင်မရှုပ်ဖို့ပြောထားတယ်လို့ ရပ်ကျေးအဖွဲ့ဝင်တွေနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ဒီလို စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုတွေဟာ တကယ်ပဲ ရန်ကုန်လူထု ယုံကြည်နေကြသလို “ပေါ်တာဆွဲခြင်း (ဝါ) လူသစ်စုဆောင်းခြင်းပါလား။”

 

ဒီအပေါ် စစ်ကောင်စီတပ် ခမရ ၅၂၈ မှ CDM ဗိုလ်ကြီး လင်းထက်အောင်က CJ Platform သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကနေ အခုလို သုံးသပ်ပြောကြားပါတယ်။

 

“ဒီကာလအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့ပြတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုအခြေအနေတွေက တော်တော်လေးကိုများလာတယ်ပေါ့။ အဲဒီတော့ စစ်တပ်အနေနဲ့ကတော့ နိုင်ငံအနှံ့မှာ သူတို့ရဲ့ စစ်အင်အားဖြန့်ခွဲထားမှုမှာ အကန့်အသတ်ရှိလာပြီ။ ရွှေ့ပြောင်းနိုင်မှုမှာလည်း အကန့်အသတ်ရှိလာပြီ” လို့ စကားဦးသန်းပါတယ်။

 

အဲဒီနောက် သူက ” ဒီအခြေနေမှာ သူတို့အမိအရ ထိန်းချုပ်ထားနိုင်တဲ့ မြို့ပြတွေရဲ့ လုံခြုံရေးအတွက် အင်အားကို သူတို့တပ်အင်အားရဲ့ အင်အားကနေ သေချာမပေးနိုင်တော့ ရပ်ကွက်တွေကနေ လူအင်အားတောင်းတယ်လို့ ကျနော်တို့ ထင်တယ်ပေါ့။ သူတို့ရဲ့ နယ်မြေထိန်းချုပ်နိုင်မှု အနေအထားက တစ်နိုင်ငံလုံးအနေအထားမှာ ယုတ်လျော့လာတာ မျက်မြင်ပဲပေါ့။ ဒီအခြေအနေကနေ စစ်တပ်ရဲ့အင်အားချိနဲ့မှုကိုပါ မြင်လာတာပေါ့” လို့ စစ်တပ်ထဲ အရာရှိတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ကြီးက ပြောပါတယ်။

 

အာဏာသိမ်းပြီးနောက် မလုံခြုံမှုတွေဟာ ဆက်တိုက်မြင့်တက်လာပြီး ခိုးဆိုးလုနှိုက်တွေကြောက်လို့ အပြင်သွားမယ်ဆိုပါက ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို ဂရုစိုက်နေခဲ့ရသလို အခုတော့ ယောကျာ်း၊ မိန်းမမရွေးတဲ့ စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးမှုတွေကိုပါ ဂရုစိုက်ရတော့မယ်လို့ ဒဂုံမြို့သစ်(တောင်ပိုင်း)နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။

“ညဖမ်း မနက် စစ်”

 

စစ်ကောင်စီဟာ အဲဒီလို လူငယ်တွေကိုပစ်မှတ်ထားတဲ့ ညပိုင်းဖမ်းဆီးမှုတွေ လုပ်ဆောင်နေတဲ့အပြင် မနက်ပိုင်းမှာလည်း ရှောင်တခင် စစ်ဆေးတာ၊ စခန်းချ စစ်ဆေးတာမျိုးတွေကို နေ့တိုင်းလို လုပ်ဆောင်လာနေခဲ့တာပါ။

 

“လှည်းတန်းသွားတုန်းက ရုတ်တရက် DC ကားက လှည်းတန်းလမ်းဆုံမှာ ရပ်ပြီး လမ်းသွားလမ်းလာ လူငယ်တွေကို ရွေးပြီးစစ်တယ်။ အဓိက ကျောပိုးအိတ်ထဲမွှေတယ်။ ပြီးတော့ ဖုန်းစစ်တယ်” လို့ အစစ်ခံရသူ လူငယ်တစ်ဦးက ပြောပြပါတယ်။

 

ဒါ့အပြင် တောင်ဥက္ကလာပမြို့နယ်မှာလည်း ရုံးအပြန် ကားစီးဖို့ ကားမှတ်တိုင်မှာစောင့်နေသူ လူငယ်တွေကို ရုတ်တရက်ကားထိုးရပ်ပြီး စစ်ဆေးဖမ်းဆီးမှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ ကြုံခဲ့ရသူ အဲဒီမြို့ခံတစ်ဦးက ပြောပါတယ်။

 

အခြားလူစည်ကားရာနေရာတွေမှာလည်း မနက်ပိုင်းကစလို့ ကားတွေပိတ်တဲ့အထိ အသေးစိတ်စစ်ဆေး၊ မေးမြန်းမှုမျိုးတွေအထိ လုပ်ဆောင်တာမျိုးရှိနေတယ်လို့ သိရပါတယ်။

 

“စစ်သား၊ ရဲသားတွေပါတဲ့အဖွဲ့က ရန်ကင်းလမ်းမတွေပေါ်မှာ မနက်အစောပိုင်းတင်ကို စစ်တာ။ ကားတွေတောင် ပိတ်တယ်။ ဖုန်းထဲမှာ သူတို့ကို တိုက်နေတဲ့အဖွဲ့တွေနဲ့ ပတ်သက်တာရှိမရှိ၊ ဆန့်ကျင်တာရှိမရှိစစ်တယ်။ ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲမေးတယ်တဲ့” လို့ ကြုခဲ့ရသူတစ်ဦးရဲ့ပြောကြားချက်ကိုကိုးကားပြီး သူ့ရဲ့ သူငယ်ချင်းတစ်ဦးက ပြန်ပြောပြတာပါ။

 

အဲဒီလိုပဲ ညပိုင်းတွေမှာလည်း ဧည့်စာရင်းစစ်ဆေးခြင်းတွေကို မထင်ရင်မထင်သလို စစ်ကောင်စီတပ်သားတွေဟာ ပြုလုပ်နေကြပါတယ်။  စစ်ကောင်စီတပ်သားတွေဟာ ရွှေပြည်သာမြို့နယ်ထဲမှာဆိုရင် သုံးဘီး ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို သူတို့နဲ့ ညဘက်ကင်းပတ်ရာနဲ့ ဧည့်စာရင်းစစ်ဆေးရာမှာ ခေါ်ယူသုံးစွဲမှုတွေ ရှိနေတယ်လို့ ဘေးတွဲမောင်းသူတွေဆီက သိရပါတယ်။

“ကျောင်းတွေမှာ တပ်စွဲဖို့ ကြိုးပမ်းလာ”

 

ဒီလို ဖမ်းဆီးစစ်ဆေးမှုတွေအပြင် တော်လှန်ရေးရဲဘော်တွေရဲ့ တိုက်ခိုက်မှုကို တိမ်းရှောင်လိုတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရန်ကုန်က အခြေခံပညာကျောင်းတွေမှာ တပ်စွဲဖို့ကြိုးပမ်းလာနေကြပါတယ်။

 

ကျောင်းဖွင့်ရာသီဖြစ်လို့ ကျောင်းသားမိဘတွေဟာ စိုးရိမ်နေကြပြီး သူတို့ရဲ့သားသမီးတွေကို ကျောင်းမလွှတ်ကြလို့ ကျောင်းတက်သူတွေနည်းပါးနေရပါတယ်။

 

“သူတို့တွေက ကျောင်းနဲ့ဘာဆိုင်လဲ။ တကယ်လို့ လုံခြုံရေးယူမယ်ဆိုလည်း တခြားနေရာမှာလုပ်ပေါ့။ သူတို့ကကျောင်းမှာရှိနေမယ်ဆို ကျွန်မတို့လည်း ကလေးတွေကို စိတ်မချဘူးလေ။ မိဘတော်တော်များများကလည်း မလွှတ်ကြတော့ဘူး။ ကျောင်းမတက်တော့လည်း မတက်လို့ဆိုပြီး အရေးယူမယ်လုပ်တယ်။ အခုတက်တော့လည်း သူတို့က ကိုယ့်နေရာကိုယ်မနေဘူး” လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

 

ဒီလိုနဲ့ ချိနဲ့လာတဲ့ စစ်ကောင်စီတပ်ဟာ သူတို့နိုင်ရာ လက်နက်မဲ့သူတို့ကို ဖိနှိပ်လာခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်မှုတွေအားကောင်းတဲ့ ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်နဲ့ ကရင်နီ(ကယား)ဒေသတွေမှာတော့ မြို့တွေ၊ စခန်းတွေ၊ လက်နက်ခဲယမ်းတွေကို အလွယ်တကူလက်လွှတ်ပေးနေရသလို လက်နက်ချအညံ့ခံတဲ့တပ်သားတွေလည်း ရာနဲ့ချီရှိနေပါတယ်။

 

တိုက်ပွဲတွေဖြစ်ရာ ဒေသတွေမှာတော့ သေနတ်သံ၊ ဗုံးသံ၊ လက်နက်ကြီးပေါက်ကွဲသံတွေ ညံညံစီနေသလို ရန်ကုန်မြို့မှာလည်း စစ်ကားသံတွေ၊ တင့်ကားသံတွေ ညံနေပါသေးတယ်။

 

အဲဒီလိုပဲ ဝတ်စုံပြည့်၊ လက်နက်တကားကားနဲ့ စစ်သား၊ ရဲသားတွေဟာ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်၊ ဘန်ကာတွေထဲကနေ အမြဲစောင့်ကြည့်ခံနေရပါတယ်။

 

ဒီအသံတွေ၊ ဒီပုံပန်းသဏ္ဌာန်တွေ ဘယ်တော့ ပျောက်ကွယ်သွားမှာပါလဲ။ ရန်ကုန်ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဘဝ… တစ်နည်း တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဘဝတွေဟာ ဘယ်တော့များမှ ပြည့်ကြမှာပါလဲ။ ဒီဆန္ဒတွေကိုရော ဘယ်သူတွေက ဖြည့်ဆည်းပေးနိုင်မှာပါလဲ။

မေးခွန်းပေါင်း များစွာ….

အတွေးပေါင်းများစွာ…