ဒီးမော့ဆိုရှိ စစ်မြေပြင်နေရာများကို ပြည်သူများမသွားရန် KNDF တိုက်တွန်း

Author လဂွန်းအိမ်
Categories
Published on Nov 04, 2023

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် စစ်မြေပြင်နေရာများကို သွားလာလှုပ်ရှားခြင်းမပြုကြရန် မေတ္တာရပ်ခံပါကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ယနေ့တွင် ထုတ်ပြန်ချက်သည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်မြေပြင် ကျေးရွာများတွင် စစ်ကောင်စီမှ နေအိမ်များမီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လူသားတံတိုင်းပြုလုပ်၍ဖမ်းဆီးခေါ်ဆောင်ခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒီမော့ဆိုတစ်မြို့နယ်လုံးနီးပါး စစ်ကောင်စီနှင့်တိုက်ပွဲများ ဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် ကျေးရွာများအတွင်း မြေမြှုပ်မိုင်းများ မရှင်းလင်းရသေးဘဲကျန်ရှိနေခြင်း၊ စစ်မြေပြင် ဧရိယာများဖြစ်သည့်အတွက် စစ်ကောင်စီမှ အချိန်မရွေး လက်နက်ကြီးများဖြင့် ပစ်ခတ်နိုင်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နိုင်ခြင်း၊ အချိန်ဒေသမရွေး ထိတွေ့တိုက်ပွဲများဖြစ်ပွားနိုင်ခြေရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် အများပြည်သူအနေဖြင့် ကျေးရွာများအတွင်းသွားလာလှုပ်ရှားခြင်း၊ ဝင်ရောက်နေထိုင်ခြင်း၊ နေအိမ်များပြန်ကြည့်ခြင်း၊ ပစ္စည်းများ သယ်ဆောင်ခြင်းမပြုကြရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်မေတ္တာရပ်ခံထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် နေရာဒေသ တိတိကျကျဖော်ပြခြင်းမရှိဘဲ ဒီးမော့ဆိုမြို့နယ်အတွင်း နေရာဒေသမရွေး ထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်‌ကြောင်း ထုတ်ပြန်ထားသည်။

ကရင်နီ‌တော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုပြီး စစ်ရေးရည်မှန်းချက်အောင်မြင်သည်အထိ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့်အကြောင်း ယ‌မန်နေ့‌အောက်တိုဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။