လာရှိုးနှင့် နမ့်ခမ်းတို့ရှိ စစ်တပ်စခန်း ၄ ခုကို TNLA ထပ်သိမ်း

Author လဂွန်းအိမ်
Categories
Published on Nov 04, 2023

ရှမ်း‌မြောက် ၁၀၂၇ စစ်ဆင်ရေး ညီနောင်သုံးဖွဲ့အတွင်းမှ တအောင်းတပ် TNLA က လားရှိုးနှင့် နမ့်ခမ်းမြို့တို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တအောင်းတပ်ဘက်က ထုတ်ပြန်သည်။

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်စခန်းနှင့် မိုင်းရန်းပြည့်သူ့စစ်စခန်းတို့ကို ယနေ့နံနက် ၅ နာရီခွဲခန့်က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဝါရော့တပ်စခန်းနှင့် ထိန်ကန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတို့ကို နိုဝင်ဘာ ၃ ရက် ယ‌မန်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က တအောင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ၏ နောင်ချို ၁၁၅ တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ယင်းမြို့နယ် လယ်တောကြီးကျေးရွာဘက်သို့ ၁၀၂/၁၀၅ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ယမန်နေ့ညမှ ယနေ့နံနက်အထိ အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား အမျိုးသမီးကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သလို နေအိမ် ၃ လုံးထိမှန်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီ၏ သိန္နီတပ်မှ TNLA ထိန်းချုပ်ထားသော မိုင်းပါးဆပ်စခန်းဘက်ကို လက်နက်ကြီး ၇ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ၏ ယနေ့နံနက်ပိုင်း တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။