ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင် ၇ သိန်းကျော်အတွက် အခြေခံစားသောက် ကုန်များနှင့် ဆေး၀ါးအထောက်ပံ့များ လိုအပ်လျက်ရှိ

Author မင်းထက်
Categories
Published on Oct 14, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၇ သိန်းကျော် အတွက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့များ များစွာ လိုအပ်လျက်ရှိနေကြောင်း KNU ဗဟိုမှ ထုတ်ပြန်သည်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ဒူးသထူ(သထုံ) ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူပလာယာခရိုင် များအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် နှစ်ဖက်တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူလူထု အရေအတွက်မှာ (၇၁၇၆၂၆) ဦး အထိ ရှိလာပြီဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူလူထုများအနေဖြင့် နေရာထိုင်ခင်းအခက်အခဲများ ၊စားနပ်ရိက္ခာ မလုံလောက်မှု အခက်အခဲများ၊ ဆေးဝါးမလုံလောက်မှု အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်များမှ စစ်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန် တိုးမြင့် လုပ်ဆောင်လာခြင်းနှင့်အတူ လူအခွင့်အရေချိုးဖောက်မှု အများအပြားကိုလည်း ဆက်လက် ကျူးလွန်လျှက်ရှိပြီး တိုက်ပွဲများဖြစ်ပွားရာ နေရာတွင်ရှိသော ဒေသခံပြည်သူများမှာ နေရပ်အိုးအိမ်များ၊ လုပ်ငန်းဆောင်တာများကို စွန်ခွာ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့များ များစွာလိုအပ်လျက်ရှိနေကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှ နည်းလမ်းရှာစီစဉ်ပေးမှုဖြင့် စစ်ဘေးရှောင် ပြည်သူလူထု အိမ်ထောင်စု (၅၄၄၉၄)စု မှလူဦးရေ (၂၆၉၆၃၁) ဦးအတွက် ထိုင်းဘတ် ၉ သန်းခန့်ကျသင့်သော အခြေခံစားသောက်ကုန်နှင့် အခြားသောလိုအပ်ချက်များကို ကူညီပံ့ပိုးပေးနိုင်ခဲ့ သော်လည်း လိုအပ်သည့် အထောက်အပံ့မရရှိသေးသည့် ပြည်သူလူထု များစွာကျန်ရှိနေသေးသည့် အတွက်ကြောင့် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ ထိုစစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက် ကုန်များနှင့် အခြားလိုအပ်သည့်အကူအညီအထောက် အပံ့များ ရရှိရန်အတွက် နည်းလမ်းရှာဖွေ ကြိုးစားလျက် ရှိကြောင်း သိရသည်။