ဗင်းနစ်တွင် ဘတ်စ်ကားတိမ်းမှောက်၊ လူ ၂၀ ဦးကျော်သေဆုံးကာ (၁၈)ဦး ဒဏ်ရာရရှိ
ရေပေါ်မြို့တော်ဖြစ်သော အီတလီနိုင်ငံ Venice(ဗင်းနစ်)မြို့တွင် ယမန်နေ့ အောက်တိုဘာ(၃)ရက် ည ၇ နာရီ ဝန်းကျင်က ကုန်းကျော်တံတားပေါ်တွင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Reuters သတင်းအရ သိရသည်။
အဆိုပါဘတ်စ်ကားတိမ်းမှောက်မီးလောင်မှုကြောင့် ကားပေါတွင် ခရီးသည် ၄၀ ဦး လိုက်ပါလာသည့်အထဲမှ ၂၁ ဦး သေဆုံးခဲ့ရပြီး (၁၈)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိမ်းမှောက်ရသည့်အကြောင်းအရင်းကို သေချာမသိရှိရသော်လည်း ဖြစ်နိုင်သည့်အကြောင်းအရင်းတစ်ခုမှာ “သေဆုံးသူတွေထဲပါဝင်တဲ့ ကားမောင်းသူ အသက် ၄၀ အရွယ် အီတလီအမျိုးသားဟာ ဒီဖြစ်စဉ်မတိုင်ခင်က ဖျားနေခဲ့တာ” ဟု ဗင်းနစ်မြို့တော်ကောင်စီဝင် Renato Boraso(ရီနာတို ဘိုရာဆို)က မှတ်ချက်ပေးသည်။
တစ်ဆက်တည်းမှာပင် “စိတ်ပျက်ဖွယ်ကောင်းပြီး ဆိုးရွားတဲ့ ကံဆိုးမှုကြီးပါ။ မြို့ဟာ ငိုကြွေးနေရပါပြီ” ဟု ရီနာတိုက ပြောသည်။
လတ်တလော ဒဏ်ရာရရှိသူများအတွင်း အရေးပေါ်အခြေအနေရင်ဆိုင်နေရသူများရှိသောကြောင့် ဆက်လက် တိုးပွားလာနိုင်သည်ဟု သိရသည်။
ဒဏ်ရာရရှိသူများထဲမှ ၅ ယောက်မှာ ယူကရိန်းလူမျိုးများဖြစ်ပြီး တစ်ယောက်မှာ ဂျာမန်လူမျိုးဟု သိရပြီး ကားပေါ်တွင် ပြင်သစ်နှင့် ခရိုအေးရှားမှ လာသူများလည်း ပါဝင်ခဲ့ကာ ကလေးငယ်နှစ်ဦးလည်း အဆိုပါဖြစ်ရပ်ဆိုးတွင် ပါဝင်ခဲ့ရကြောင်း အီတလီသတင်းဌာန ANSA က ဆိုသည်။
အီတလီတွင် အလားတူဖြစ်ရပ်မျိုးများ ၂၀၁၃ နှင့် ၂၀၁၇ ခုနှစ်တို့၌ အသီးသီးဖြစ်ပွားခဲ့ဖူးပြီး ၂၀၁၃ ခုနှစ် အီတလီတောင်ပိုင်း၌ လှိုင်ခေါင်းအတွင်း ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် ၄၀ ဦးကျော် သေဆုံးခဲ့ရပြီး ၂၀၁၇ ခုနှစ် ဗီရိုနာမြို့ မြောက်ပိုင်းတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လိုက်ပါလာသော ဟန်ဂေရီကျောင်းသား ၁၆ ဦး သေဆုံးခဲ့ရကြောင်း Reuters တွင် ဖော်ပြသည်။