NUG ၏ နွေဦးထီရောင်းချမှု (၂) နှစ်ပြည့်၊ ရောင်းချပြီးပမာဏအပါအဝင် အများပြည်သူသိသင့်သည့်အချက်အလက်များကို ဖြေဆိုရန်အလုပ်မအားဟု တာဝန်ရှိသူဆို

Author ခွန်စစ်နိုင်
Categories
Published on Sep 01, 2023

CDM ဝန်ထမ်းများကိုထောက်ပံ့နိုင်ရန် ရည်ရွယ်၍ပြုလုပ်ခဲ့သော အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ အောင်လံလွှင့်ချီနွေဦးထီရောင်းချမှုသည် ယခုနှစ် ဩဂုတ်လကုန်တွင် ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

လစဥ်ထီရောင်းရငွေ၏ (၃၀)ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ပြန်လည်ချီးမြှင့်ခဲ့ပြီး ကျန်(၇၀)ရာခိုင်နှုန်းအား CDM ဝန်ထမ်းများ၏ အရေးပေါ်ငွေကြေးထောက်ပံ့မှုတွင် အသုံးပြုကြောင်း NUG ၏ ယခင်ထုတ်ပြန်ထားချက်များအရ သိရသည်။

၂ နှစ်အတွင်း ထီလက်မှတ်ရောင်းချမှုပမာဏ၊ CDM ဝန်ထမ်းများကို ထောက်ပံ့ပေးထားသည့်ပမာဏအပါအဝင် အများပြည်သူသိရှိသင့်သည့် အချက်အလက်များကို NUG ၏ နွေဦးထီရောင်းချရေး တာဝန်ရှိသူတစ်ဦးထံ CJ Platform က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက “ကျနော်က အဲဒါတွေအတွက် မအားပါ” ဟု ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ CJ Platform က အများပြည်သူသိရှိသင့်သည့်အချက်အလက်များကို မည်သည့်အတွက်ကြောင့် မဖြေဆိုနိုင်သနည်းဟု မေးခွန်းထုတ်ခဲ့ရာ “မဟုတ်ပါဘူး။ ကျွန်တော့်မှာလက်ကိုမလည်ရသေးဘူး။ မဖြေနိုင်သေးလို့ပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိ နွေဦးထီ ၂ နှစ်ပြည့်တွင် ပြည်သူများသိရှိနိုင်သည့်သတင်းအချက်အလက်မှာ ဆုငွေမည်မျှပေးခဲ့ကြောင်းပင်ဖြစ်သည်။
ယင်းမှာ “နွေဦးထီ ၂ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့် အထူးဆု သိန်း(၁၀၀)ဆုအပါအဝင် (၁၅)သိန်းဆု၊ (၅)သိန်းဆု၊ (၁)သိန်းဆုများပါဝင်ပြီး ထီဆုပေါင်း ၁၂၁ ဆု၊ ကျပ်သိန်း(၃၅၀)ဖိုးခန့် ထီဆုမဲများ ဖွင့်လှစ်ပေးခဲ့ကြောင်း နွေဦးထီလူမှုကွန်ရက်စာမျက်နှာမှ ကြော်ငြာထားချက်သာ သိရှိခွင့်ရခဲ့သည်။

နွေဦးထီတစ်စောင်လျှင် နှစ်ထောင်ကျပ်သတ်မှတ်ထားပြီး ထိုထီကံစမ်းခြင်းဖြင့် CDM ထောက်ပို့အဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း NUG က ဆိုထားသည်။

နွေဦးထီဆုပေါက်သူ အများစုသည် ဆုငွေအားလုံးမယူဘဲ ပြန်လည်လှူဒါန်းသူနှင့် တချို့တဝက်ကိုသာယူ၍ ပြန်လည်လှူဒါန်းကြသူအများအပြားရှိပြီး ဆုငွေအားလုံးထုတ်ယူသူမှာ ရှားပါးကြောင်း သိရသည်။

အာဏာမသိမ်းမီ ပြည်သူများ အောင်ဘာလေထီထိုးခဲ့ကြသော်လည်း စစ်ကောင်စီ၏ ဝင်ငွေရလမ်းရပ်တန့်စေရန် ရည်ရွယ်ပြီး အောင်ဘာလေထီမထိုးရန် ပြည်သူအများ သပိတ်မှောက်ခဲ့ကြသည်။