စစ်ကိုင်းတိုင်းအတွင်းရှိ တပ်ရင်းအချို့ကို NUG မှ ရိက္ခာငွေဖိုးလျှော့ပေး၊ တော်လှန်ရေးအဖွဲ့အချို့ အခက်အခဲများစွာ ဖြစ်ပေါ်နေ

Author လင်းခိုင်
Categories
Published on Mar 08, 2023

 

စစ်ကိုင်းတိုင်းအတွင်းရှိ တပ်ရင်းအချို့ကို NUG မှ ရိက္ခာငွေဖိုး လျှော့ပေးသဖြင့် တော်လှန်ရေးအဖွဲ့အချို့ အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

စစ်ကောင်စီသည် တိုင်းပြည်အာဏာကို မတရားလုယူပြီးနောက်၊ စစ်အာဏာသိမ်းခြင်းကို လက်မခံသည့် အညာဒေသခံများသည် ရရာလက်နက်ဖြင့် စစ်ကောင်စီခုခံတွန်းလှန်နေကြပြီး၊ ၊ တော်လှန်ရေး ၂ နှစ်ကျော် ကာလရောက်ရှိလာသည့်အတွက် လက်နက်ခဲယမ်းအခြေအနေ၊ ရိက္ခာရရှိရန် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း တော်လှန်ရေးတပ်ဖွဲ့များက CJ Platform သို့ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတစ်ခုကိုလည်း ရိက္ခာငွေ ထောက်ပံမှု ၄၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်သည့်အတွက် အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း အမည်မဖော်လိုသည် တော်လှန်ရေးရဲဘော်တစ်ဦးက CJPlatform သို့ပြောကြားသည်။

“အရင်က ရင်းကို ရိက္ခာဖိုးဆိုပြီး တစ်လကို သိန်းတစ်ရာပေးတယ်။ နောက်တော့ သိန်း ၈၀ ၊ အခု သိန်း ၆၀ ပဲပေးတော့တယ်။ အခုလိုဖြစ်တာ သုံးလရှိပြီ၊ အခွန်တွေကောက်နေမှ ဒီလိုမျိုးတွေ ဖြစ်လာတာ အံ့သြမဆုံးပဲ၊ ရတဲ့အခွန်တွေဆို NUG ကို သုံးဆယ်ရာခိုင်နှုန်း ပေးသွင်းရတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းဆို မြို့နယ် ပကဖ ၄၀၊ ပအဖ ၃၀၊ ခုက ဘာလုပ်ချင်နေကြမှန်းကို မသိဘူး။ အခုလိုဖြစ်တာ MOD လက်အောက်က ရင်းတွေ အကုန်ထင်ပါတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်သည့် စစ်ကိုင်းအခြေစိုက် ရိုးမရာဇာ အဖွဲ့သည်လည်း NUG မှ မည်သည့် အထောက်အပံ့မှ မရရှိသောကြောင့် တပ်ရင်းတွင် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း တပ်ရင်းမှူး လဂွန်းအိမ်က CJ Platform သို့ပြောကြားသည်။

“ပြောချင်တာကတော့ အများကြီးပဲဗျာ၊ ကျွန်တော်တို့ တပ်ရင်းဆို ပြီးခဲ့တဲ့နှစ် ဇွန်၊ ၇ ရက်နေ့မှာ တပ်ရင်းအဖြစ် ကုဒ်ကျလာတယ်။ အဲ့ထဲကနေ ခုအချိန်ထိကို NUG က ပေးထားတဲ့ လက်နက် တစ်လက်မှကို မရှိသေးဘူးဗျာ၊ ကိုယ်အားကိုးတဲ့ ကိုယ်ယုံကြည်တဲ့ အစိုးရဖြစ်တော့ အများကြီးမပြောလိုပေမယ့်၊ အားပြတ်တယ်။ ကျွန်တော့်နောက်မှာ ကျွန်တောတို့ ခေါင်းဆောင်မှုတွေ ယုံကြည်လို့ နေနေတဲ့ ရဲဘော်တွေကို အားနာတယ်” ဟု လဂွန်းအိမ်က ပြောကြားသည်။

ယင်းအပြင် မန္တလေးတိုင်း၊ အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Eagle People Defense Force-Tatkon အဖွဲ့သည်လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ရိက္ခာဖိုးပင် မထောက်ပံ့သည့်အတွက် အဖွဲ့ကို ဖျက်သိမ်းရမည့် အခြေအနေပင် ရောက်ရှိနေသည်ဟု ဗိုလ်လင်းယုန်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

“ကျုပ်တို့ အဖွဲ့ကို ဖျက်သိမ်းရတော့မယ့် အနေအထားကိုရောက်လာပီ၊ ကျုပ်တို့နောက်မှာ ဘယ်သူမှမရှိဘူး။ ရေရှည်မှာ စားဖို့တောင် ဝန်ကြီးဌာနလည်း ထောက်ပံ့ဖို့ မဖြစ်နိုင်လောက်ဘူး၊ ရှိတာတွေ အခြားအဖွဲ့ကိုအပ် ကျုပ်တို့လည်း နိုင်ငံခြားထွက်ပီး အလုပ်သွားလုပ်ရမှ အဆင်ပြေတော့မယ်၊ တော်လှန်ရေးက ကြာလေ ပိုသိသာလေပဲ” ဟု ဗိုလ်လင်းယုန်က ရေးသားထားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၉ ဖြစ်သည့် Pale Jokers PDF အနေဖြင့် လက်ရှိတွင် လက်နက်အင်အား နည်းပါးခြင်း၊ ဘဏ္ဍာငွေကြေးအခက်အခဲများနှင့် NUG ထံမှ လက်နက်ထောက်ပံ့မှု မရရှိခြင်းများကြောင့် တိုက်ခိုက်ရေးလုပ်ငန်းများကို ရပ်နားမည်ဟု Burma Associated Press က မတ် ၇ ရက်တွင် ဖော်ပြခဲ့သည်။

ယခုကဲ့သို့ အညာဒေသတွင် တပ်ရင်း ရိက္ခာလျှော့ချခံရမှု၊ လက်နက်များ တပ်ဆင်ပေးနိုင်ခြင်းမရှိသေးသည့် အခြေအနေများနှင့် ပတ်သက်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်အား CJ Platform မှ Signal မှ တဆင့် ဆက်သွယ်မေးမြန်းရာ၊ seen ပြသော်လည်း ပြန်လည်ဖြေကြားမှု မရှိခဲ့ပေ။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိတွင် အညာဒေသရှိ PDF တပ်ရင်း၊ တပ်ဖွဲ့များကို လက်နက်ထောက်ပံ့နိုင်ခြင်း မရှိသေးသော်လည်း၊ တောင်ပိုင်းစစ်ဒေသရှိ စစ်ကြောင်းအများစုကို လက်နက်များထောက်ပံ့မှုများ ပြုလုပ်ထားနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ- Pale Jokers PDF
ပုံစာညွှန်း- တပ်ဖွဲ့ဝင်များ ရိက္ခာအတွက် ရေအိုင်ငယ်တစ်ခုအတွင်း ဟင်းစားရှာဖွေနေသည့် Pale Jokers PDF တပ်ဖွဲ့ဝင်များအား မြင်ရပုံ
#CjPlatform #စစ်ကိုင်းတိုင်း #PDF #NUG #ရိက္ခာ #ထောက်ပံ့မှု