လေးကေ့ကော် ဗျူးပွိုင့်တွင် စခန်းချထားသည့် စစ်ကောင်စီတပ် စခန်းမှ စတင်ကာ မီးလောင်ပြီး တောမီးလောင်မှု ဖြစ်ပေါ်ခဲ့

Author လင်းခိုင်
Categories
Published on Feb 25, 2023

 

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့နယ်ရှိ ဗျူးပွိုင့်တွင် အထိုင်စခန်းချထားသည့် စစ်ကောင်စီတပ် စခန်းမှ စတင်ကာ မီးလောင်ပြီး နောက် တောမီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းမှ စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ညပိုင်းတွင် လေးကေ့ကော်မြို့နယ်တွင် မိုင်းများ ပေါက်ကွဲပြီးနောက် လေးကေ့ကော်ဗျူးပွိုင် စစ်ကောင်စီတပ်စခန်းမှ မီးလောင်ကာ ၊ လေးကေ့ကော် ခြောက်ရပ်ကွက် နှင့် ပတ်ဝန်းကျင်ရှိ တောတောင်အများအပြား မီးကူးစက်ခဲ့ခြင်း ဖြစ်သည်။

“ညပိုင်းကြီး ဒီကောင်တွေ မိုင်းရှင်းတာနေမယ်။ သူတို့စခန်းကနေ စပြီးတော့ လောင်တာ၊ အဲ့ကောင်တွေစခန်း အကုန်ပြာကျသွားတယ်။ ပြီးတော့ ခြောက်သွေ့နေတော့ မီးက အကုန်ကူးပြီးတော့ ကျွန်တော်တို့ စခန်းနှစ်ခုလည်း မီးထဲပါသွားတယ်။ ” ဟု ကော်ဘရာ သတင်းရင်းမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။

ထိုကဲ့သို့ တောမီးလောင်ကျွမ်းမှုကြောင့် လေးကေ့ကော်ခြောက်ရပ်ကွက်အတွင်းရှိ နေအိမ်အများအပြား မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု လေးကေ့ကော်ဒေသခံ၊ စစ်ဘေးရှောင်တစ်ဦးက CJ Platform သို့ပြောကြားသည်။

“ကျွန်မတို့ကြားတာတော့ ရှို့မီးလို့ကြားတယ်။ ကျွန်မအိမ်လဲပြာပုံပဲရှိတော့တယ်။ ကိုမင်းကိုနိုင်ရဲ့ ကုန်စုံဆိုင်လဲ ပါသွားတယ်။ ခြောက်ရပ်ကွက်က အခု လုံး ဝပြာပုံကြီးဖြစ်နေတယ်။ ပြီးတော့ လေးကေ့ကော်ရေကန်နားက ကလေးကစားကွင်းလဲ အကုန်ပါသွားတယ်လို့ ကြားတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်တွင် စစ်ကောင်စီတပ်သားများသည် လေးကေ့ကော်မြို့အား ဝင်ရောက်ပြီး၊ ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် ၊ KNLA တပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများသည် စစ်ဘေးရှောင်အဖြစ် နေထိုင်ခဲ့ရသည်။

ထို့နောက် ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် လေးကေ့ကော်မြို့တွင် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ လေးကေ့ကော် ခြောက်ရပ်ကွက်ကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ယခု ထပ်မံပြီး စစ်ကောင်စီ စခန်းမှ စတင်မီးလောင်မှုကြောင့် လေးကေ့ကော် ခြောက်ရပ်ကွက်ရှိနေအိမ်အားလုံး နီးပါး မီးလောင်မှုတွင် ပါဝင်ခဲ့သည်။

ဓာတ်ပုံ-CJ
#CjPlatform #ကရင်ပြည်နယ် #လေးကေကော် #မီးလောင်