ဘုရားသုံးဆူ မြို့ရဲစခန်းအား ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက် စစ်တပ်ဘက်မှ အထိအခိုက်ရှိ

Author ကိုပေါက်
Categories
Published on Feb 25, 2023

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ မြို့မရဲစခန်းအား ယနေ့ နံနက် ၆နာရီခန့်တွင် ဒေသခံ တော်လှန်ရေးတပ်များမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ်ဘက်မှ အထိအခိုက်ရှိနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် ကားသုံးစီးဖြင့် မြို့မရဲစခန်းကို လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရဲစခန်းကို မနက်အစောပိုင်းမှာ လပစ်တာ၊ လာပစ်တဲ့အချိန် ရဲစခန်းမှာ အင်အားအနည်းငယ်ပဲရှိတယ်။ နောက်ပိုင်း စစ်တပ်က ရောက်လာတယ်။ သေတဲ့သူတွေ ဒဏ်ရာရရှိတဲ့သူတွေလဲရှိတယ်။ ကနဦးသတင်းအရတော့ ရဲတစ်ဦးသေပြီး တစ်ဦး ဒဏ်ရာရတယ်လို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဘုရားသုံးဆူ မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက်၊ စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် ရမ်းသပ်းပစ်ခတ်ခဲ့မှုကြောင့် ရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောကြားသည်။

“စစ်တပ်က တပ်ကူရောက်လာပြီး လက်နက်ကြီးနဲ့ပစ်တာ အထည်ချုပ်စက်ရုံလည်းထိတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ်။ ပစ်ခတ်မှုက နှစ်နာရီနီးပါးလောက်ကြာတယ်” ဟု အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။

ယနေ့တွင် ဖြစ်ပွားသည့် ဘုရားသုံးဆူမြို့ တိုက်ပွဲသည် နှစ်နာရီ နီးပါးအထိကြာမြင့်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ သေဆုံးမှုကို သီးခြား အတည်ပြုချက် ရရှိနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်များသည် ဘုရားသုံးဆူမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် မြို့တွင်း လှည့်လည်နေကြောင်းလည်း ဒေသခံများက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလတွင်လည်း ဘုရားသုံးဆူမြို့သွားရာ ကားလမ်းဘေးရှိ တောင်စွန်းရွာ အခြေစိုက် စစ်ကောင်စီစခန်း ကို KNLA ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့သလို၊ ပူးပေါင်းတပ်ဖွဲ့များ ဘက်မှလည်း ၁၀ ဦးခန့်ကျဆုံးခဲ့သည်။

#CjPlatform #ဘုရားသုံးဆူမြို့ #မြို့မရဲစခန်း