ဇီးဖြူကုန်း ပျူရွာမှ ထွက်ပြေးလာသည့် ဒေသခံ ၄၀၀ ကျော် ကြုံရာကျပန်း အလုပ်လုပ်ပြီး ခက်ခဲစွာရုန်းကန်နေရ

Author လင်းခိုင်
Categories
Published on Feb 21, 2023

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာမှ ထွက်ပြေးလာသည့် ဒေသခံ ၄၀၀ ကျော် ကြုံရာကျပန်း အလုပ်လုပ်ပြီး ခက်ခဲစွာရုန်းကနေရကြောင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဇော်ထက်က ယင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

“ဇီးဖြူကုန်းကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၈၀ ဝန်းကျင်ရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိပါတယ်။ နေအိမ်၊ လယ်ယာမြေနဲ့ ပိုင်ဆိုင်မှု အားလုံးဆုံးရှုံးခဲ့ရတဲ့ ဇီးဖြူကုန်းရွာသားတွေဟာ ကြုံရာ ကျပန်းအလုပ်လုပ်ကိုင်ပြီး ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရပါတယ်” ဟု ဦးဇော်ထက်က ပြောကြားသည်။

စစ်ကောင်စီသည် ဇီးဖြူကုန်းရွာကို ပျူရွာအဖြစ် အခြေပြုလိုက်သည်ကို လက်ခံခြင်းမရှိသည့် ရွာခံအချို့သည် ဆွေမျိုးနီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး၊ ရွာတွင် ကျန်ရှိခဲ့သည့် နေအိမ်များနှင့် အသုံးအဆောင်ပစ္စည်းများကို ရွာခံပျူစောထီးများနှင့် စစ်ကောင်စီတပ်များသည် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဦးဇော်ထက်က ရှင်းပြသည်။

ထိုကဲ့သို့ စစ်ကောင်စီနှင့် ပျူစောထီးများကို ပူးပေါင်းလိုချင်းမရှိသည့် ဇီးဖြူကုန်းကျေးရွာမှာ ဒေသခံများအတွက် စာနာစုဘူးအဖွဲ့မှ ငွေကျပ် ခြောက်သိန်း တန်ဖိုးရှိ အနွေးထည် ၁၂၀၊ ထိုင်းရောက် မြန်မာနိုင်ငံသားများ စည်းလုံးညီညွတ်ရေးအဖွဲ့မှ ငွေကျပ် ၅၂၀၀၀၀၊ ရန်ကုန်အလှူရှင် တစ်ဦးမှ ငွေကျပ်လေးသိန်း တန်ဖိုးရှိ အဝတ်အထည်နှင့် ဖိနပ်များ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆန် အိတ် ၂၀၊ ဆီ ပိသာ ၅၀ တို့ကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-ပုလဲ ပအဖ
#CjPlatform #စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ဇီးဖြူကုန်ရွာ #ပျူစောထီး